ထာဝရအလွမ်းနွံ

Tuesday, August 12, 2008


ဆက်ကျော်သက်ရင်ခုန်ခြင်း

နုပျိုလတ်ဆတ်မှုတွေပျောက်ရှ

အလွမ်းနွံနစ်နေခဲ့တာ ကြာခဲ့ပြီ။


မင်းပုံရိပ်တွေတောင်

ငါ့မျက်ဝန်းမှာ မပီဝိုးတ၀ါးသာကျန်တော့တယ်

လွမ်းတယ်လို့ပြောဖို့ကိုတောင်

ငါ့မှာခွန်အားမရှိတော့ဘူး….. ချစ်သူ


တချိန်ကမင်းပြောခဲ့တဲ့စကား

မင်းရဲ့ကတိတွေကြားမှာ

ငါဟာ မိုးမမြင်လေမမြင်ဖြစ်ခဲ့တယ်

အတိတ်ကို မမေ့ချင်သေးပေမယ့်

အနာဂါတ်တွေအတွက် ငါစိုးရိမ်မိတယ်…. ချစ်သူ


တွေ့ဆုံခြင်း…. ခွဲခွာခြင်းဆိုတာ

မင်းအတွက်တော့ အမှတ်တမဲ့တွေများလား…. ချစ်သူရယ်

ငါ့မှာတော့ ထာဝရအတွက်ဖြစ်တည်ခဲ့တယ်။


ချစ်စိတ်

သူ့အသံဝဲ၀ဲလေးတွေကြားမှာ

ငါအိပ်မောကျခဲ့ဖူးတယ်။


သူ့အပြောပြတ်ပြတ်တွေအောက်မှာလဲ

ငါ့နှုတ်ခမ်းဖျားတွေ ဆွံ့အခဲ့ဖူးတယ်။


သူ့ဓါတ်ပုံမပီမပြင်ကိုကြည့်ပြီးတော့လည်း

ငါရူးသွပ်ခဲ့ဖူးတယ်။


သူ့အကြည့်စိမ်းစိမ်းတွေအောက်မှာ

ရင်ဘတ်တစ်ခုလုံးပြောင်းဆန်သွားခဲ့ရတာချည်းပါပဲ။


စကားလုံးတွေ စိတ်ကူးနှင့်တန်းစီထားပေမယ့်

စိတ်ကူးက စိတ်ကူးပါပဲ

သူ့အရှေ့မှာ ဆွံ့အလို့

ငါဟာ အလိုလိုနေရင်း ရှုံးနိမ့်ခဲ့ပြန်ပါပြီ။



အချိန်တွေ ရင့်ကျက်လာတယ်

Saturday, August 9, 2008


ရှိုက်သံတွေပျံ့လွင့်

မျက်ရည်မိုးတွေရွာသွန်း

သွေးစည်းချောင်းတွေ မရပ်တံ့သေးဘူး။


ဒို့အရေး…. ဒို့အရေး ရင်ကွဲသံတွေဆူညံ

ကမ္ဘာကိုတောင် တုန်လှုပ်စေတယ်

၈၈ရဲ့ဝိဉာဉ်တွေ မကျွတ်သေးဘူး။


နှစ်(၂၀)တိုင်ခဲ့ပြီ

အချိန်တွေရင့်ကျက်လာတယ်

အသက်တွေလည်း ကြီးလာတယ်

ကံဆိုးချင်တော့

အတွေးတွေက ကြီးစိုးလို့ကောင်းနေတုန်း။


နှာခေါင်းပိတ်နားပိတ်

အိပ်နေသူများအိပ်ပျော်နေကြ

အဆော့မက်သူများ

ရန်ဖြစ်တမ်းကစားလို့ကောင်းနေတုန်း


ရုတ်တရက်

မေးခွန်းတစ်ခုထွက်လာ

“၈၈” ရဲ့စိတ်ဓါတ်ကဘာလဲ

ကဲ…. သင်ကော ဘယ်လိုထင်သလဲ ဖြေကြည့်ပါ။



ရေငတ်ပန်း

Friday, August 8, 2008



နူးညံ့တဲ့မိဘရင်ခွင်ပျောက်တော့

မျက်ခင်းတွေက ငါ့ရဲ့မွေ့ရာ

ကမူသစ်တုံးတွေက ငါ့ရဲ့ခေါင်းအုံးပေါ့

ကောင်းကင်ညိုညိုတွေအောက် ငါအိပ်ခဲ့ရတယ်။



အိမ်မက်တွေအကျဉ်းချခံရတော့

မျက်ရည်တွေနဲ့ ငါမျက်နှာသစ်ခဲ့ဖူးတယ်

ရေတခွက်နဲ့ ညစာစားခဲ့ဖူးတယ်

မနက်ဖြန်ဆိုတာကိုတောင် ငါမေ့ထားခဲ့ရသေးတယ်။



နှလုံးသားတွေ အခိုးခံရပြန်တော့

မိုးတွေရွာလည်း ငါမသိဘူး

နေတွေပူလည်း ငါဂရုမစိုက်နိုင်ဘူး

ခိုလုံရာတစ်ခုအတွက် ငါပြေးနေရတုန်းပဲ။



အိမ်ဆိုတာတောင်မရှိခဲ့တဲ့ ငါ့မှာ

သူငယ်ချင်းဆိုတာလည်းမရှိ

ကစားစရာအရုပ်ဆိုတာလည်း ငါ့မှာနတ္တိ

ငါ့ရဲ့ကစားကွင်းက ဗုံးခိုကျင်းတွေဖြစ်ခဲ့ရတယ်။



ကလေးတစ်ယောက်ရဲ့အိမ်မက်

ဘောင်တွေနဲ့လှောင်ပိတ်

ရက်စွဲတွေကို အတင်းမေ့ထားခဲ့ရ

လိုချင်တပ်မက်မှုတွေကို ချိုးနှိမ်ခဲ့ရလို့

အတ္တနဲ့ကမ်းတဲ့ ရင်ငွေ့တောင်

ငါ့ရဲ့ကမ္ဘာထင်မိတယ်။



လေပြေအသုတ်မှာ ရေချိုတစ်ပေါက် မခခဲ့ရတဲ့ရေငတ်ပန်းပေမယ့်

မြေကြီးမနမ်း ကောင်းကင်ဖက်လှမ်းတဲ့ ဇာနည်သွေးမို့

မနွမ်းမခြောက် ဆူးမကြောက်ပဲ ဆူးနွယ်ပန်းလို

ကောင်းကင်ကိုတက် ကြယ်တွေနဲ့ အလှပြိုင်ဖို့

ရဲရဲသာပွင့်နေသေးတယ်။



လိပ်ပြာတစ်ကောင်ရဲ့တောင်ပံခတ်သံ

Sunday, July 27, 2008

လက်ချိုးရေတွက်မယ်ဆိုရင်

“၂၀၀၃”ဆိုတာ ဟိုး…. အဝေးခပ်လှမ်းလှမ်းမှာ

မျက်ရည်တွေခိုတွဲ အပြုံးတွေကြားကနှုတ်ဆက်ခြင်း

ဒီပုံရိပ်တွေ “မောင်”မြင်ယောင်နေမိတုန်းပဲ

“နားလည်ပေးပါ”ဆိုတဲ့စကားလုံးကလွဲလို့

“မောင့်”အတွက် စကားလုံးတွေရှားပါးနေတာလည်း ကြာခဲ့ပြီပေါ့……….။


ရင်ခွင်ထဲခိုဝင် မျက်ရည်တွေရစ်ဝိုင်း

သမီးနှာဖူးပြင်လေး ဖွဖွလေးနမ်းလို့မ၀သေးခင်…..

သားနဲ့အတူ အိမ်မက်တစ်ခုအကြောင်း

နှစ်ကိုယ်ကြားလေးပြောလို့မပြီးသေးခင်…..

မျက်ရည်တွေကွယ်ဝှက် အပြုံးဖြူဖြူတွေကြားက

“မ”မျက်နှာလေး ကြည့်လို့မ၀သေးခင်…..

မနက်ဖြန်ဆိုတဲ့ရက်စွဲတွေထဲ “မောင်”ခရီးဆက်ခဲ့တယ်။


အပြုံးတွေဝေးလွင့် “မ”ပါးပြင်မှာမျက်ရည်တွေခစား

“မောင်” ဘယ်လိုဖြေရမလဲ….။

အားကိုးစရာရင်ခွင်ကျယ်မရှိ ဖခင်နဲ့ဝေးနေရတဲ့ “သားသမီးတွေ”အဖြစ်

“မောင်” ဥပေက္ခာပြုတာတော့မဟုတ်ဘူး။

နိုင်ငံပျက်ကြီးမှာ လူဖြစ်လာတဲ့“မောင်”တို့

မျက်ရည်တွေကိုသောက်သုံး အလွမ်းတွေနဲ့ဝမ်းဖြည့်

ဒီသံသရာမှာ “မောင်”တို့ရုန်းထွက်ဖို့တော့လိုနေပြီလေ။


လင်ယောင်္ကျားရဲ့အဝေး တိတ်တိတ်ကလေး “မ” ငိုနေဦးမလား

ဖခင်ရဲ့နွေးထွေးမှုမဲ့ “သားသမီးတွေ” အားငယ်နေမလား

အဆင်ကော… ပြေမှပြေကြရဲ့လား …..ဒီမေးခွန်းတွေကြား

အပြစ်ရှိသူတစ်ယောက်အလား “မောင့်”မှာ

ခြောက်ခြားညတွေထဲစီးမျှော တရားခံဘယ်သူလဲ ….


ငွေဆိုလို့ချူးတစ်ပြားတောင်မရှိတဲ့ “မောင်”

အချစ်တွေနဲ့ဘ၀ကိုပါ ပုံပေးခဲ့တဲ့ “မ”

“မောင့်”ဘ၀ဆက်တိုင်း သစ္စာကိုရင်မှာထား မြတ်နိုးနေဦးမယ်။

ဖခင်ရဲ့ဝတ္တရားပျက်ပြား ယုံကြည်ချက်ထဲခုန်ဆင်းလိုက်တဲ့ “မောင်”

ရက်စက်တဲ့ဖခင်လို့ပဲ “သားသမီးတွေ” ကင်ပွန်းတပ်ကြမလား

“မောင်”့ ရင်ထဲမှာတော့ ဒီသံယောဇဉ်ကြိုး ခိုင်မြဲနေဦးမှာ ထာဝရပါ။




ချိုမြိန်ခြင်းလား နာကျင်ခြင်းလား


သိပ်ချစ်မိတဲ့ချစ်သူကို

ဘယ်အချိန်စွန့်လွှတ်ရမလဲဆိုတဲ့အသိ

ဒီအသိတွေက ငါ့ကိုနေ့စဉ်ရက်ဆက် ခြောက်လှန့်

အဲဒီရက်တွေကိုစောင့်နေရတာ

ဘယ်လောက်ပင်ပန်းလဲဆိုတာ ငါပဲသိတယ်။


ငိုရမှာမျက်ရည်ကိုတော့ နှမျောတယ်

အကြိမ်ကြိမ် ချုပ်ထိန်းထားတုန်း

ဘာကြောင့်မှန်းမသိ

လွယ်ကူစွာပဲ မျက်ရည်တွေလွင့်စဉ်ထွက်သွားတယ်……।။


ချစ်ခွင့်တောင်းခဲ့တဲ့ မင်းကတရားခံလား

မင်းကို ထင်ထားတာတက် ပိုချစ်မိသွားခဲ့တဲ့ ငါကပဲမှားနေတာလား

အချစ်ဆိုတာ အ-လို့-ချစ် တာတဲ့

ဒါပေမယ့် ငါ -ဆက်-အ-ချင်နေသေးတယ်…. ချစ်သူ။


ဝမ်းနည်းတဲ့အခါ ငါမငိုချင်တော့ဘူး

တိတ်တဆိတ် ဒါဏ်ရာတွေကိုခံစားကြည့်ချင်လာတယ်

လုပ်ချင်ရာ မင်းလုပ်ပါ… ပျော်သလိုသာနေပါ ချစ်သူ

ငါ့အနားကနေတော့ ထွက်မသွားပါနဲ့လား

ဒီနာကျင်မှုတွေကို စွန့်လွှတ်ဖို့ ငါအဆင်သင့်မဖြစ်သေးဘူး။


အေးခဲသွားတဲ့ မင်းရဲ့ရင်ခုန်သံတွေ

စကားလုံးလှလှတွေကိုခုတုံးလုပ်

ငါ့ရဲ့မျက်ရည်တွေနဲ့ မင်းအသက်ဆက်ရှင်နေတာ

မင်းတကယ်ပျော်တယ်ဆိုရင် ငါကျေနပ်ပါတယ်။




တစ်စက် မျက်ရည်

ဝမ်းနည်းတဲ့အခါ မျက်ရည်ကျတတ်တာ

မိန်းမတွေရဲ့ သဘာဝ…..


သနားစရာအသွင် မျက်ရည်တွေကျပြတတ်တာ

မိန်းမတွေရဲ့ ဘသာဝ…..


စိတ်ကောက်ရင် ပြန်ချော့လိုက်

စက္ကန့်တောင်မခြား ပြန်ပြုံးတတ်တာ

မိန်းမတွေရဲ့ သဘာဝ…..


မင်း ထင်နေတဲ့ ဘသာဝ

မင်း ပြောနေတဲ့ သဘာဝ

ဒါဆိုရင်

ကိုယ့်ကိုယ်ကိုယ်အထင်ကြီး

အရှုံးပေးဝန်ခံရမှာကို သေမလောက်ကြောက်

ယဉ်ယဉ်လေးရူးနေတာကလည်း မင်းရဲ့သဘာဝပဲလား…..


ချစ်လို့ နားလည်ပေးဖို့ကြိုးစားတယ်။

နားလည်ပေးရင်း ခွင့်ပါလွတ်ခဲ့တယ်

မျက်ရည်တွေလည်း ကိုယ်စားကျပေးခဲ့ရတာ အကြိမ်ကြိမ်

ဒါကိုမှ နားမလည်

အတ္တတွေ၊ တကိုယ်ကောင်းဆန်တဲ့စိတ်တွေနဲ့

ရူးနေတဲ့မင်းကို ငါတော့ ဘိုင်းဘိုင်ပဲ


လူချင်းတူပေမယ့် အသက်ရှုခြင်းတော့ကွဲတယ်

ငါ့ရဲ့ နောက်ထပ်မျက်ရည်တစ်စက်

မင်းရဲ့ဝိဉာဉ်ဖြစ်ရလိမ့်မယ်…………။




ချစ်တတ်မယ်ဆိုရင်


သူငယ်ချင်းတွေနဲ့ပျော်ပါးသောက်စား

တခါတလေဆိုတဲ့ခေါင်းစဉ်အောက်မှာ ငါ အပြစ်မပြောလိုပါဘူး

စိုးရိမ်စိတ်နဲ့ ဖုန်းခဏခဏခေါ်နေခဲ့မိတာ

ဒါကိုများ မင်းကအယုံအကြည်မဲ့တယ်တဲ့လား

မင်း တကယ်တမ်းသာချစ်တတ်မယ်ဆိုရင်

ချစ်သူရဲ့ဂရုစိုက်မှု ရယူပိုင်ဆိုင်နေတဲ့မင်း ကျေနပ်နေရမယ်လေ။


မင်းသွားလိုရာအရပ် မသွားနဲ့လို့ငါမတားခဲ့ဘူး

မင်းသွားရာနောက် တကောက်ကောက်လိုက်ချင်တာ ငါ့ရဲ့ဆန္ဒ

ဒါကိုများ မင်းကချုပ်ချယ်တယ်တဲ့လား

မင်း တကယ်တမ်းသာချစ်တတ်မယ်ဆိုရင်

ချစ်သူနဲ့သွားတဲ့ခရီး မင်းပျော်နေသင့်တာပေါ့။


ဘ၀ကိုတယောက်တည်းလျှောက်လမ်း

ရှေ့အနာဂတ် အိပ်မက်တစ်ခုကိုပုံဖော်နေတဲ့ မင်း

မင်း…. ကလေးမဟုတ်မှန်းတော့ ငါသိတာပေါ့။

ဒါပေမယ့် ငါ့ အနားမှာမရှိတဲ့မင်း

ချစ်တဲ့စိတ်နဲ့ မင်းအတွက်စိုးရိမ်နေခဲ့မိတာ

တရားလွန်တယ်လို့ မင်းမို့လို့ ပြောရက်တယ်နော်

မင်းသာ ချစ်တတ်သွားမယ်ဆိုရင် ရှင်းမပြလည်းမင်းနားလည်မှာပါ။


အရှက်နဲ့သိက္ခာကိုခ၀ါချ

သိပ်ချစ်ခဲ့တဲ့ချစ်သူကို

မင်းမို့လို့ အရက်ဝိုင်းလောက်တောင်

တန်ဖိုးမထားတာ

ငါက ဘာကြေင့်ဆက်ချစ်နေရဦးမှာလဲ…॥ သွားစမ်းပါကွာ။




ပေးဆပ်ခြင်းရဲ့ပုံရိပ်



မချစ်တတ်တဲ့မင်းနှလုံးသား

ချစ်တတ်လာဖို့အတွက်

စွန်းထင်းခြင်းကင်းမဲ့ အဖြူရောင်နှလုံးသားတစ်စုံ

ငါ…….. ပုံပေးခဲ့တယ်။

ဒါပေမယ့် မင်းကတော့

အချစ်ဆိုတာကိုနားမလည်သေးဘူး။


ဘ၀အစမလှခဲ့တဲ့မင်း

မင်းပျော်ရွင်နိုင်ဖို့အတွက်

အပြစ်မဲ့တဲ့ အဖြူရောင်မျက်ရည်တွေကို

ငါ……… ရွာသွန်းစေခဲ့တယ်

ဒါပေမယ့် မင်းကတော့ မျက်ရည်တွေရဲ့နာကျင်မှုကိုနားမလည်ပါလား။


တွေဝေနေတဲ့မင်းရဲ့စိတ်တွေ

မနာကျင်ဖို့အတွက်

အကြောင်းပြချက်မဲ့ ငါနားလည်ခွင့်လွတ်ပေးခဲ့တယ်။

ဒါပေမယ့် မင်းကတော့ တစ်ကိုယ်ကောင်းဆန်နေတုန်းပဲ။


အစကတော့

တွေဝေခြောက်ခြား မင်းရဲ့ဘ၀ကို ငါသနားတယ်

ငါ့ဘ၀တစ်ခုလုံး ပုံပေးခဲ့မိတဲ့အထိပေါ့

အခုတော

̏အလိုလိုက် အမိုက်စော်ကား˝

သဲခြေပျက်တဲ့ မင်း

သွေးအေးအေးနဲ့ရက်စက်တတ်တာ ငါ မအံ့သြတော့ပါဘူး။


ငါတစ်ယောက်တည်း

Tuesday, July 15, 2008



တခါတလေ ခံစားချက်မဲ့

အဖြူရောင်တိမ်တိုက် ပြာလွင်တဲ့မိုးသားတွေထဲလွင့်မျော

တခါတလေတော့ ငါဆွေးနေမိတယ်။


အလွမ်းတွေကိုထုတ်ပိုး စွေနေတဲ့မိုးသားတွေထဲ

မင်းကိုများတွေ့ရမလားလို့ ငေးရှာနေရတဲ့ ငါ့ရဲ့အဖြစ်

ရယ်စရာတော့ကောင်းနေပြီ။


ငှက်ကလေးတွေလည်း ၀ဲပျံ

လူတွေလည်း သက်ဝင်လှုပ်ရှား

ဒါဏ်ရာတွေနဲ့ငေးငိုင်နေတာ ငါတစ်ယောက်တည်း….။


ငှက်ကလေးတွေလည်း တေးဆို

လူတွေလည်း ခေါ်ပြောနှုတ်ဆက်

အတွေးတွေနဲ့ဆွံ့အနေတာလည်း ငါတစ်ယောက်တည်း……။


လေပြေလေးတွေက ငါ့ကိုကျီဆယ်

သီချင်းသံစဉ်တွေလည်း ငါ့ကိုနှိမ့်သိမ့်

နာရီလက်တံတွေကတော့ ငါကိုအချက်ပြနေတယ်

ဘရိတ်အုပ်လို့မရတော့တာက ငါ့နှလုံးသား။


ငှက်ကလေးတွေလို လွတ်လပ်စွာပျံသန်းချင်တယ်

သီချင်းတွေလို ငါ့ရင်ခုန်သံတွေ လှပစေချင်တယ်

ဒါပေမယ့်….. ဘယ်ဖြစ်နိုင်မှာလဲ

မင်းမရှိတဲ့ ဒီဘ၀မှာ။