ညီမလေး

Friday, March 21, 2008







“အငယ်ဆုံး….. အချောဆုံး…… အလိမ္မာဆုံး….. အတော်ဆုံး” စတဲ့ အဆုံးတွေနဲ့ပဲအဆုံးသတ်တဲ့ ကျမရဲ့ညီမထွေးလေး …….. ဂျူးလီယက်ရွှေ (ခ) ဖောဘလုမူး….. မမျှော်လင့်တဲ့ မတ်လ(၉)ရက်၊ ၂၀၀၈ ခုနှစ် သာမန်ရက်စွဲ တစ်ခုမှာ ဒီလောကကြီးထဲကနေ သူတိတ်တဆိတ်ထွက်ခွာသွားခဲ့ပြီ။ သူ အားလုံးကို နှုတ်ဆက်ဖို့တောင် အချိန်မရ …. ပြန်လာခဲ့ပါ တွေ့ချင်တယ် အမရယ်လို့ အနေဝေးတဲ့ကျမကို တစ်ခွန်းလေးတောင် မတောင်း ဆိုခဲ့ဘူး …. နှုတ်ဆက်ချိန်လည်း မတန်သေးသလို သူစောစောစီးစီး ကျမတို့ကို ထားခဲ့မယ်လို့လည်း ဘယ်သူ ကများ ထင်မှာလဲ… မမျှော်လင့်ခဲ့ပါဘူး။

နေ့ရောညရော ညီမလေးကိုအရိပ်တကြည့်ကြည့် ဂရုစိုက်ပေးခဲ့တဲ့ အမေ့ကို ကျမ သနားတယ်။ ညီမလေးကို သမီးရင်းတစ်ယောက်လို သိပ်ချစ်တဲ့ အဖိုးနဲ့ ဒုတိယအဖေရဲ့မျက်ရည်တွေကိုမြင်ရတော့ ကျမစာနာမိတယ်။ ညီမလေးနဲ့အတူ သွားဖော်၊ စားဖော်၊ ကစားဖော် အနားမှာရှိနေပေးတဲ့ ကျမရဲ့ညီမလေးတွေအတွက်လည်း ကျမ ၀မ်းနည်းတယ်။ ကျမမှာတော့ တကယ့်ကိုနှမျောတသခြင်း၊ ညီမလေးကို ဂရုမစိုက်လိုက်ရခြင်းဆိုတဲ့ နောင်တတွေနဲ့ တိုးတိုးတိတ်တိတ် ရှက်စိတ်တွေနဲ့ကြေကွဲလို့ပေါ့။

(၁၅)နှစ်တောင် မပြည့်သေးတဲ့ ညီမလေးတို့အရွယ်ဟာ တကယ့်ကိုပွင့်သစ်စလေးပါ။ ကောင်းကင်က ဓူဝံကြယ်ကို ခူးဆွတ်ချင်တယ်ဆိုရင်တောင်မှ ကြွေကျလာမယ့် အရွယ်တွေပေါ့။ ဒါပေမယ့်လည်း ဒီနွေမှာ ရေတိမ်နစ်ခဲ့ရပြီ။ နာကျင်မှုတွေကြားမှာ သူအပြုံးမပျက်နေပေးခဲ့တာကိုက ငါ့အတွက် နင့်နင့်သီးသီး အနာကျင်မိဆုံးပဲ။ ဖြစ်နိုင်မယ်ဆိုရင်လေ နေရာခြင်းသာ လဲပေးလိုက်ချင်တယ် ညီမလေးရယ်။

For Nyimalay

Thursday, March 20, 2008


Send this eCard !

သာမန်ရက်စွဲတစ်ခုမှာ ဘ၀ခြားခဲ့ပြီ


မတ်လ (၉)ရက်နေ့
အဲဒီမနက်မှာပေါ့
မိုးတွေရွာလား….. နေတွေပူလား ငါမသိခဲ့ဘူး။
ဒါပေမယ့်
ငါ့မှာတော့ မျက်ရည်မိုးတွေဝေ
နောင်တတွေ တနင့်တပိုးနဲ့
ငါ့ရဲ့အိမ်မက်တစ်ခု ကွဲကြေသွားတယ်……..။

“…. ညီမလေးဆုံးပြီတဲ့…..”
မယုံကြည်နိုင်ခြင်းများစွာနဲ့
တိတ်တဆိတ်ကြေကွဲမှုတွေ ကြီးစိုး
ငိုရှိုက်သံတွေ ခုန်ခုန်ထွက်လာတာ
ငှက်ကလေးတွေတောင် နံနက်ခင်းတေးဆိုဖို့ကို မေ့သွားတယ်
တောပန်းတွေလည်း ဆွတ်ဆွတ်ကျင်ကျင် ကြေကွဲလို့
ငါ့ရဲ့ကမ္ဘာတစ်ခု ပြိုပျက်သွားခဲ့ပြီ…..။

ကြယ်ပွင့်ကလေးတွေတောင် အစိုးမရ
ဘ၀ဆိုတဲ့ အချိန်ဇယားဟာလည်း ငါတို့လက်ထဲမှာမရှိ
ရွက်ကျပင်ပေါက်လို ဒုက္ခသည်ငါတို့ဘ၀တွေဟာလည်း ပိုပြီးအစိုးမရပြန်ဘူး။
ဒီလိုနဲ့ပဲ
သေမင်းတမန်လက်နက်တွေကြား
တစ်ချက်ကလေးမှ သူမညည်း အပြုံးမပျက်ထွက်ခွာသွားတာ
ရက်စက်လိုက်တာ ကံကြမ္မာရယ်လို့
မြည်တမ်းနေရုံကလွဲပြီး ငါ ဘာမှမတတ်နိုင်ခဲ့ဘူး……။
ငါ့ကိုနှုတ်ဆက်ဖို့တောင် မစောင့်နိုင်တဲ့သူ့ခြေလှမ်းတွေ
အနေဝေးပြီး အလာနောက်ကျတဲ့ငါ့မှာတော့
နောင်တတွေတနင့်တပိုး ၀မ်းနည်းမျက်ရည်တွေလည်းပြိုပျက်ကျ
သူ့အပြုံးတွေကို သတိရမိပြန်တော့
ခွန်အားတွေမဲ့ မချိမဆန့် ငါရင်ကွဲမတတ်ခံစားရပြန်တယ်
ခွင့်လွတ်ပါ ညီမလေး….. လို့ ငါတောင်းပန်နေခဲ့ရုံကလွဲလို့
ငါသူ့အရှေ့မှာငိုဖို့ကိုတောင် ရှက်မိတယ်………။

ညီမလေးရေ………
တစ်ခါတလေ အမှန်တရားတွေက လူကိုရူးသွပ်စေတယ်
သာမန်ရက်စွဲတစ်ခုမှာ ငါတို့ဘ၀တွေခြားခဲ့ပြီပဲ။
ကြိုလည်းမသိနိုင်….. ရှောင်လို့လည်းမသွားနိုင်တဲ့ ဒီခရီးလမ်းမှာ
မင်းကိုဆုံးရှုံးလိုက်ရတဲ့ ဒီရင်ခွင်ကတော့
ဘယ်ဘ၀ရောက်ရောက် မင်းပျော်ရွှင်နိုင်ပါစေလို့
ဆုတောင်းမေတ္တာပို့လိုက်ပါတယ်…….။
နောက်ဆုံးတော့လည်း ငါ ဒါပဲပြောနိုင်တယ်…….. ညီမလေးရေ။

ဘ၀ခြားလို့ သွားလေသူ


ကံ၏ စီမံရာ
ဝဋ်တစ်ခုနဲ့ လိုက်ပါ
သွေးချင်းတွေ ထားခဲ့
မွေးချင်းတွေ ထားခဲ့
တစ်ယောက်တည်း တစ်ကိုယ်ရေ
အဝေးကို သူရောက်သွားပြီ။ ။

မျက်စိတစ်မှိတ်အတွင်းမှာ
ငါ့ဘ၀နဲ့ မင်း
စည်းတစ်ခု ဘယ်သူ ခြားသွားခဲ့လဲ။ ။

ခြောက်ခြားညလို့
ငါမထင်တဲ့ အချိန်တစ်ခုမှာ
ငါ့မျက်ရည်တွေ အားလုံးမျှောပါလို့
မင်းနောက်ကို နောင်တတွေ လိုက်ပါသွားတယ်။ ။

ကြေကြေမွမွ ရင်တစ်ခုလုံးမှာ
မင်းစကားသံ မင်းရယ်(ရီ)သံ
မင်းလှုပ်ရှားနေတဲ့
မင်းဆော့ကစားနေတဲ့
မင်းနဲ့ ပတ်သက်သမျှတွေ ပြေးမထွက်ဘူး။ ။

အာခေါင်ခြစ်လို့ ခေါ်ခဲ့
ညီမလေး....
ပြန်ထူးပါအုံး ညီမလေးရယ်....
စကားပြန်ပြောပါအုံး ညီမလေးရယ်...။ ။

သူ့ငြိမ်သက်နေတဲ့
မျက်ဝန်းတစ်စုံမှာ
ငါ့ကို ကျောခိုင်းခဲ့တယ်...
ငါ့မိသားစုကို နောက်ဆုံး နှုတ်ဆက်သွားတယ်...
ငါ့အသိုင်းအ၀ိုင်း၊ ပတ်ဝန်းကျင်တစ်ခုလုံးကို
မင်းထားခဲ့ပြီ...လေ။ ။

ငါ တောင်းဆုပြုပါတယ်...
နောက်ဘ၀သာ ရှိခဲ့ရင်
ခုလို ၀ဋ်ကြွေးမျိုး ညီမလေး...ကျော်လွန်ခဲ့ပါစေ...။
ခုလို ခွဲခွာခြင်းမျိုးမှာ မျက်ရည်သောကတွေ ကျော်လွန်ပါစေ...။

အဝေးတစ်နေရာမှာ
ကောင်းမွန်စွာ မင်းပျော်ပါစေ...ညီမလေး...။

ငယ့်ညီမလေးအတွက် ကဗျာလွယ်အိတ်ရဲ့ ကဗျာလက်ဆောင်

ရှုံးနှိမ့်ခြင်းထဲ ပျော်ဝင်သွားခြင်း

Tuesday, March 18, 2008


အာကာသဟင်းလင်းပြင်မှာ ကိုယ်ဟာလွင့်မျောခုန်ပေါက်
နာရီလက်တံတွေ တချက်ချက်မြည်သလို အချိန်တွေဟာစီးဆင်းနေတယ်…….။
ရှင်လျက်နဲ့သေနေတာက ငါ့ဘ၀။


စစ်မှန်တဲ့ ငါ့ရဲ့ရင်ခုန်သံ
အနူးညံ့ဆုံး မင်းအတွက် တေးတစ်ပုဒ်ဖွဲ့ဆိုလို့
စိုးမိုးနိုင်စွမ်းရှိတဲ့ မင်းရဲ့အပြုံးတွေအောက်မှာ သံစဉ်တွေဟာ လှပနေတယ်…….။
ရယူပိုင်ဆိုင်ဖို့ကိုတောင် ငါမစဉ်းစားဝံ့ခဲ့ဘူး ချစ်သူ။


ဖြူတ်ခနဲကြွေကြွေသွားတဲ့ သစ်ရွက်ကလေးတွေလို
ချစားသွားတဲ့ ငါ့ရဲ့ဒိုင်ယာရီစာအုပ်လေးတွေက ဘ၀တူတွေ
ရေးဆွဲပုံဖေါ်လို့မရနိုင်သေးတဲ့ ပန်းချီကားတစ်ချပ်ကတော့ ငါ့ရင်ဘတ်ထဲမှာရှိတယ်…….။
ကကြိုးတွေရဲ့စေညွန်းချက်အတိုင်း ငါရွေ့လျားနေဦးမယ်။


ငါ အိမ်မက်တွေကြားမှာ ခဏခဏပျော်ဝင်သွားတတ်တယ်
တို့တတွေ အပူအပင်ကင်းလို့ အားလုံးရဲ့ဝေးရာဆီ ခရီးဆက်ကြစို့လား
အားလုံးကိုစွန့်လွှတ်ဖို့ ကိုယ့်မှာအဆင်သင့်ဖြစ်ပေမယ့် မင်းမှာတော့နှောင်ကြိုးတွေနဲ့မို့
လုံးပါးပါးသွားတာက ငါ့ရဲ့မျှော်လင့်ချက်တွေ။


နက်ရှိုင်းလွန်းတဲ့ အချစ်သမုဒယပင်လယ်ထဲ
သက်ဆုံးတိုင်ပေးဆပ်ရင်းနဲ့ ပျော်နေမယ့်သူမို့
ဆိုင်ဂလုန်းမုန်တိုင်း ငါ့ရင်ဘတ်ထဲမှာ တိုက်ခိုက်နေမယ်ဆိုရင်တောင် ငါမမှုဘူး…. ချစ်သူ။
သည်ဘ၀တော့ အရှုံးတွေကို ငါမြတ်နိုးတတ်လာတယ်။

အချစ်ရဲ့အကျဉ်းသား


ချစ်တယ်
သိပ်ရိုးရှင်းတဲ့စကားလေးတစ်ခွန်း
ဒါပေမယ့် လေးနက်မှုတော့ရှိတယ်……။
ကိုယ် အကြိမ်ကြိမ် အသုံးပြုခဲ့ဖူးတယ်……. ကြိမ်ဖန်များစွာလည်း ကြားခဲ့ရဖူးတယ်။


လွမ်းတယ် …. အရမ်းလွမ်းတယ်
ခံစားတတ်တဲ့နှလုံးသားပိုင်ရှင်ရှိသူတိုင်း ပြောတတ်ကြတော့
ကိုယ်နဲ့သိပ်မစိမ်းတဲ့ စကားလေးတစ်ခွန်းပေါ့….။
ကိုယ်အကြိမ်ကြိမ် ခံစားမိခဲ့ဖူးတယ်….. ကြိမ်ဖန်များစွာလည်း ကြားခဲ့ရဖူးတယ်။


အချစ်နဲ့ကစားတဲ့ ကိုယ့်ရင်ဘတ်
အပျော်တွေနဲ့သာမက မျက်ရည်တွေနဲ့လည်း အဖော်ဖြစ်
တိတ်တဆိတ်ကြေကွဲမှုကို ၀ိုင်ချိုလိုရစ်မူး
ဒါဏ်ရာတွေကို အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့ဖူးတယ်…..
ကြိမ်ဖန်များစွာလည်း လက်ဆင့်ကမ်းခဲ့ဖူးမယ်ထင်။


ရယူပိုင်ဆိုင်ခြင်းနဲ့ စွန့်လွှတ်အနစ်နာခံခြင်း
အစွန်းနှစ်ဖက်ကို ခြေချမိတဲ့ကိုယ်
အချစ်နဲ့အမုန်း အဓိပ္ပါယ်ကိုရှာဖွေရင်း
အကျဉ်းသားဖြစ်သွားတာက ကိုယ့်နှလုံးသား
ဒါ….. ကိုယ်ရသင့်ရထိုက်တဲ့ ရလဒ်များလားကွယ်။

သက်ဆုံးတိုင်အချစ်

Thursday, March 6, 2008



မင်းရဲ့အချစ်ကြောင့်

တစ်သက်မှာ တစ်ခါသာ

ရူးရူးမိုက်မိုက် ချစ်တတ်ခဲ့ဖူးသူမို့

ဘယ်လောက်ထိ ချစ်သလဲလို့မေးရင်

ဘယ်လိုစကားလုံးမျိုးက ကိုယ့်အချစ်ကိုဖော်နိုင်ပြနိုင်မှာလဲ..... ချစ်သူ


ဆယ်ကျော်သက် ပန်းရိုင်းလေးမို့

ချစ်သူအကြိုက်လိုက်လို့ ကပြနေခဲ့မိတာ…

ဒါပေမယ့် ….. ကိုယ် မသိလိုက်တာတစ်ခုက

မမြင်နိုင်တဲ့ကြိုးတွေကြားမှာ

ကိုယ်ဟာ အထပ်ထပ်ချည်နှောင်ခံထားရခြင်းပဲ…….။


မင်းနှုတ်ခမ်းက သိပ်နူးညံ့တဲ့စကားလုံးလေးတွေ

ကိုယ့်ကိုအကြိမ်ကြိမ်အခါခါ အလှဲထိုးနိုင်ခဲ့ပေမယ့်

မင်းဆီကသိလိုက်ရတဲ့ အမှန်တရားတွေကြောင့်

ကိုယ်ဟာ ရူးသွပ်မတတ်ခံစားရလည်း

ပြုစားခံထားရသူတစ်ယောက်လို

ကိုယ်ဟာ နာကျင်မှုတွေကြားမှာ ပျော်နေမိတုန်းပဲ……. ချစ်သူ


အချိန်လွန်မှ နောင်တတွေနဲ့ ဆုံးဖြတ်ချက်မချချင်ခဲ့သူမို့

နောင်တတွေနဲ့ ၀မ်းနည်းမျက်ရည်ကျမိပေမယ့်

ရုးမိုက်စွာနဲ့ မျက်စိမှိတ်ပြီး ဆက်ချစ်နေဦးမယ်……..။

စွန့်လွှတ်ဖို့ မစဉ်းစားရဲခဲ့သူတစ်ယောက်မို့လည်း

ဒါဏ်ရာတွေဆိုရင်တောင် ကိုယ်မြတ်နိုးနေဦးမယ်.....။

သိပ်ချစ်မိတဲ့ ဒီအချစ်တွေအတွက်

ကိုယ့်နှလုံးသားကို ကိုယ်ပြန်ပေးဆပ်ဖို့ရာ

မင်းနဲ့အတူ ဒီအချစ်တစ်ခုကို အဆုံးသတ်မှဖြစ်မယ်……।။