လက်ချိုးရေတွက်မယ်ဆိုရင်
“၂၀၀၃”ဆိုတာ ဟိုး…. အဝေးခပ်လှမ်းလှမ်းမှာ
မျက်ရည်တွေခိုတွဲ အပြုံးတွေကြားကနှုတ်ဆက်ခြင်း
ဒီပုံရိပ်တွေ “မောင်”မြင်ယောင်နေမိတုန်းပဲ
“နားလည်ပေးပါ”ဆိုတဲ့စကားလုံးကလွဲလို့
“မောင့်”အတွက် စကားလုံးတွေရှားပါးနေတာလည်း ကြာခဲ့ပြီပေါ့……….။
ရင်ခွင်ထဲခိုဝင် မျက်ရည်တွေရစ်ဝိုင်း
သမီးနှာဖူးပြင်လေး ဖွဖွလေးနမ်းလို့မ၀သေးခင်…..
သားနဲ့အတူ အိမ်မက်တစ်ခုအကြောင်း
နှစ်ကိုယ်ကြားလေးပြောလို့မပြီးသေးခင်…..
မျက်ရည်တွေကွယ်ဝှက် အပြုံးဖြူဖြူတွေကြားက
“မ”မျက်နှာလေး ကြည့်လို့မ၀သေးခင်…..
မနက်ဖြန်ဆိုတဲ့ရက်စွဲတွေထဲ “မောင်”ခရီးဆက်ခဲ့တယ်။
အပြုံးတွေဝေးလွင့် “မ”ပါးပြင်မှာမျက်ရည်တွေခစား
“မောင်” ဘယ်လိုဖြေရမလဲ….။
အားကိုးစရာရင်ခွင်ကျယ်မရှိ ဖခင်နဲ့ဝေးနေရတဲ့ “သားသမီးတွေ”အဖြစ်
“မောင်” ဥပေက္ခာပြုတာတော့မဟုတ်ဘူး။
နိုင်ငံပျက်ကြီးမှာ လူဖြစ်လာတဲ့“မောင်”တို့
မျက်ရည်တွေကိုသောက်သုံး အလွမ်းတွေနဲ့ဝမ်းဖြည့်
ဒီသံသရာမှာ “မောင်”တို့ရုန်းထွက်ဖို့တော့လိုနေပြီလေ။
လင်ယောင်္ကျားရဲ့အဝေး တိတ်တိတ်ကလေး “မ” ငိုနေဦးမလား
ဖခင်ရဲ့နွေးထွေးမှုမဲ့ “သားသမီးတွေ” အားငယ်နေမလား
အဆင်ကော… ပြေမှပြေကြရဲ့လား …..ဒီမေးခွန်းတွေကြား
အပြစ်ရှိသူတစ်ယောက်အလား “မောင့်”မှာ
ခြောက်ခြားညတွေထဲစီးမျှော တရားခံဘယ်သူလဲ ….
ငွေဆိုလို့ချူးတစ်ပြားတောင်မရှိတဲ့ “မောင်”
အချစ်တွေနဲ့ဘ၀ကိုပါ ပုံပေးခဲ့တဲ့ “မ”
“မောင့်”ဘ၀ဆက်တိုင်း သစ္စာကိုရင်မှာထား မြတ်နိုးနေဦးမယ်။
ဖခင်ရဲ့ဝတ္တရားပျက်ပြား ယုံကြည်ချက်ထဲခုန်ဆင်းလိုက်တဲ့ “မောင်”
ရက်စက်တဲ့ဖခင်လို့ပဲ “သားသမီးတွေ” ကင်ပွန်းတပ်ကြမလား
“မောင်”့ ရင်ထဲမှာတော့ ဒီသံယောဇဉ်ကြိုး ခိုင်မြဲနေဦးမှာ ထာဝရပါ။
0 comments:
Post a Comment