Showing posts with label အတွေးအမြင်. Show all posts
Showing posts with label အတွေးအမြင်. Show all posts

လူထုဆန္ဒခံယူပွဲနှင့်ပတ်သက်သော သဘောထား

Wednesday, April 30, 2008




နအဖပြုလုပ်မယ့် မေ(၁၀) လူထုဆန္ဒခံယူပွဲဟာ သူ(၁၄)နှစ်ကြာရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)ကို အတည်ပြုပြီး တရားဝင်အစိုးရတက်လုပ်ချင်လို့ပဲဖြစ်တယ်။ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် (နအဖ)စစ်အစိုးရက တစ်ဖက်သတ် သူ့စိတ်ကြိုက်လူတွေကို ရွေးပြီး ရေးဆွဲခဲ့တာဖြစ်တယ်။ ပြည်သူတွေရဲ့ Mandate ရထားတဲ့ အနိုင်ရပါတီတွေလည်း ၀င်ဆွဲခွင့်မရှိခဲ့ဘူး။ ဒီ အနေအထားမှာ နအဖရဲ့ဒီ Constitution က ကျမတို့အားလုံးကို ကိုယ်စားမပြုဘူးလို့ ကျမအနေနဲ့ ယုံကြည် တယ်။

(နအဖ)စစ်အစိုးရ ရေးဆွဲထားတဲ့ Constitution ဟာ ကျမတို့ပြည်သူတွေအတွက် ဘာအာမခံ ချက်မှမရှိပဲ သူတို့ ဆက်လက်အာဏာတည်ရှိနေဖို့ အတွက်ပဲဖြစ်နေတာကြောင့် ပြည်တွင်းပြည်ပ အင်အားစုတွေ အားလုံးက ကန့်ကွက်မဲပေးကြဖို့ တညီတညွှတ်တည်းရှိနေကြတယ်။ အခုအခြေအနေပေးတာကလည်း မဲရုံကိုသွားပြီး ကန့်ကွက်မဲတွေပေးကြဖို့၊ ကျမတို့ရဲ့ဆန္ဒတွေကို ရဲရဲဝံ့ဝံ့ပြသဖို့ပဲဖြစ်တယ်။ ဒါ့ကြောင့် ဒီ Constitution ကို ပြတ်ပြတ်သားသား ကန့်ကွက်ဖို့ ကျမတို့အားလုံးမှာ တာဝန်ရှိတယ်။

ဒီအချိန်ဟာ ကျမတို့အားလုံးအတွက် အရမ်းကိုအရေးကြီးပါတယ်။ ကျမတို့အတွက် ကြီးမားတဲ့ အလှည့် အပြောင်းတစ်ခုလို့ပြောမယ်ဆိုရင်လည်းရပါတယ်။ ကျမတို့ နှစ်(၂၀)လုံးလုံး ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံအရ ဒီတစ်ကြိမ်မှာလည်း စစ်အစိုးရက သူအနိုင်ရရေးအတွက် ဘယ်လိုညစ်ပတ်အကြမ်းဖက်မှုမျိုးကိုမဆို သူအသုံးပြု ဦးမှာပါပဲ။ ဒါပေမယ့် ကျမတို့က ကျမတို့ပြည်သူတွေရဲ့စုပေါင်းအင်အား People Power နဲ့ ဒီစစ်အစိုးရကို သမိုင်း အစဉ်အဆက်က အနိုင်ယူခဲ့သလိုမျိုး ဒီတစ်ကြိမ်လည်း အနိုင်ရလိမ့်ဦးမယ်လို့ မျှော်လင့်ပါတယ်။

(နအဖ)စစ်အစိုးဘက်က ပြတ်ပြတ်သားသား အနိုင်ရစရာမရှိဘူးလို့ ကျမအနေနဲ့တော့ ယူဆပါတယ်။ ဒါကြောင့် အခုကတည်းက နည်းလမ်းပေါင်းစုံနဲ့ ညစ်ပတ်နေတာ၊ ခြိမ်းခြောက်နေတာ၊ အကြမ်းဖက်နေတာ ဖြစ်တယ်။ အကယ်၍ သူနိုင်တယ်ဆိုရင်လည်း မတရားတဲ့နည်းနဲ့နိုင်တာသာဖြစ်လိမ့်မယ်။ ဒါ့ကြောင့် ပြင်းထန်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆက်ပြီးဖြစ်လာဦးမှာပဲ။ အခု ကန့်ကွက်မဲပေးတဲ့လှုပ်ရှားမှုဟာ အဓိကအားဖြင့် ပြည်သူ တစ်ရပ်လုံးကို နိုင်ငံရေးလှုပ်ရှားမှုထဲဆွဲခေါ်ရတာမို့ လူထုနိုးကြားမှု၊ စိတ်ဝင်စားမှုတွေရှိလာတယ်။ ဒါဟာ ကောင်းတဲ့အချက်ဖြစ်တယ်။ ဒီအတွက် ပြည်သူတွေဘက်က မရှုံးနိုင်ပါဘူး။

သူတို့ဘက်က ဒီလောက်ညစ်ပတ်ပြီး ခြိမ်းခြောက်နေတာတောင် ပြည်သူတွေဘက်ကနိုင်သွားရင် သူ့ရဲ့ လမ်းပြမြေပုံပျက်သွားမယ်။ ဒါဟာ ကျမတို့အတွက် အရေးကြီးတဲ့တိုက်ပွဲဖြစ်တယ်။ အရေးပါတဲ့ အောင်ပွဲဖြစ် တယ်။ ဒါပေမယ့် ကျမတို့အားလုံးသိထားဖို့က ဒီလူထုဆန္ဒခံယူပွဲဟာ ကျမတို့ရဲ့နောက်ဆုံးတိုက်ပွဲမဟုတ်ပါဘူး။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် ပြင်ဆင်ထားစရာတွေ အများကြီးရှိနေတယ်။ ပြည်တွင်းမှာပဲ ဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ် အာဏာရှင်တွေရဲ့နောက်ဆုံးနည်းလမ်းဟာ အကြမ်းဖက်တာသာဖြစ်တဲ့အတွက် နည်းလမ်းပေါင်းစုံနဲ့ ပြင်ဆင်ထားသင့်ပါတယ်။