နံရံတွေကြားက နှလုံးသား

Wednesday, October 15, 2008



ငါ့ရင်ခွင်ထဲမှာ ချစ်သူရှိနေတယ်
ငါ့အတွေးတွေကို ချစ်သူပိုင်စိုးထားတယ်
တခါတလေ ငါ့ကိုယ်နဲ့ငါ့စိတ် ရန်ဖြစ်ရတဲ့အထိပေါ့။


ချစ်သူ့ရင်ခွင် ငါ့ရဲ့ကမ္ဘာ
ချစ်သူရယ်သံဟာ ငါ့အတွက်ဂီတဖြစ်လို့
ချစ်သူပါပဲ ငါ့ရဲ့အိပ်မက်တွေကိုလှစေခဲ့သူပေါ့။


ချစ်သူနဲ့ပတ်သက်ရင် ငါဟာအဖြူထည်
ချစ်သူရနံ့တွေပါတဲ့ လေပြည်တွေကိုတောင်မှ သိမ်းထားချင်တဲ့သူပါ။
ယခုအချိန်ထိပါပဲ
ငါဟာ အိပ်မက်တွေထဲက မလန့်နိုးနိုင်သေးဘူး။


ပွေ့ဖက်ထားခြင်းခံရတယ်ဆိုရင်တောင်မှ
ငါဟာ အလိုလိုဝမ်းနည်းလာတယ်....
မျက်ရည်တွေက အတားအဆီးမဲ့
ကန့်သတ်ချက်ဆိုတာ ဘာမှန်းကိုငါမသိတော့ဘူး။
ငါကပဲ အချစ်ကြီးလွန်းတာလား
ငါ့ချစ်သူကပဲ တကယ်ကိုနေနိုင်သူများလား။


ကိုယ့်ကိုယ်ကိုယ် လိမ်ညာလှည့်စားတယ်ဆိုတာ
တကယ်ကိုလွယ်တဲ့လုပ်ရပ်တော့ မဟုတ်ဘူး....ချစ်သူ။
တခါတလေ ငါ့ကိုယ်ငါ မုန်းနေမိတဲ့အထိပေါ့။

အရှုံးတွေကို အနိုင်ယူသင့်တယ်

Monday, September 29, 2008


ငါနေခဲ့တဲ့ရွာလည်း ပျောက်ပြီ

ငါကြီးပြင်းခဲ့တဲ့ ဒုက္ခသည်စခန်းဆိုတာလည်း

အခုတော့တောရိုင်းကြီးဖြစ်လို့

ငါ့မှာ မွေးရပ်ဇာတိမရှိတော့တဲ့ဘဝ

နှလုံးသားက ဒါဏ်ရာတွေနဲ့အသားကျနေလို့ပေါ့။


အိမ်ကိုတော့ အစိုးရကသိမ်းတယ်

တော်လှန်ရေးကာလတုန်းက အဖိုးက အသတ်ခံရတယ်

အဖွားကတော့ သူပုန်အားကိုးပေါ့

ငါတို့တွေကတော့ ပြည်ပြေးတွေဘ၀ရောက်ခဲ့တယ်။


ပစ်စလက်ခတ်နေ့ရက်တစ်ခုမှာလည်း

ငါတို့တိုင်းပြည် အမှောင်ဖုံးလို့

ဘုန်းကြီးကျောင်းတွေလည်း ချိတ်ပိတ်

ဘုရားကျောင်းတွေလဲ ရေမြုပ်

အော် ဒုက္ခ… ဒုက္ခ

မြေစာပင်ဖြစ်သွားရတာက ငါတို့ပြည်သူတွေပါပဲလား။


မိစ္ဆာတွေကြီးစိုးတဲ့ တို့နိုင်ငံ

အာဏာကိုလက်မလွှတ်ချင်ကြဘူးတဲ့….။

ဒေါသအမုန်းရန်ငြိုးတွေ……….. မီးကုန်ယမ်းကုန်လောင်မြိုက်ကြ

အသက်နဲ့ အရှက်တွေကို ဖက်နဲ့ထုတ်ထားရတဲ့ဒီဘ၀။


မြေမခချင်ပေမယ့် ကြွေခဲ့ရတဲ့မျက်ရည်တွေ

ချမ်းသာပါတယ်ဆိုတဲ့ တို့နိုင်ငံ အကြွေးတွေက၀ိုင်း

ပြည်သူတွေ ငတ်နေခဲ့ကြရတဲ့ရက်တွေကို ရေတွက်ကြည့်စမ်းပါ။


အိပ်မက်တွေပျောက်

အနာဂါတ်တွေမဲ့သွားတဲ့ တို့မျိုးဆက်သစ်တွေ

အသက်ပေးသူတွေ ပေးသွားခဲ့ကြတဲ့ တို့အာဇာနည်တွေ

အရှက်တွေ သိက္ခာတွေနဲ့ရင်း ဘ၀ပျက်သွားကြတဲ့ နိုင်ငံ့သမီးပျိုတွေ

ပြောမကုန်နိုင်တဲ့ ဇာတ်လမ်းတွေ

စကားလုံးတွေနဲ့ဖော်မပြနိုင်တဲ့ ဘ၀တွေ

ဒါတွေ…..

ဒါတွေ….

ဒါတွေ…..

ဒါတွေကို သွေးအေးအေးနဲ့ မေ့ပစ်ကြမှာလား

မလောက်မင တင်းတိမ်ရောင့်ရဲကြတော့မှာလား

အတိတ်တွေကို ခြေရာဖျောက်လို့ရရိုးလား မိတ်ဆွေ

စွန့်လွှတ်မှုတစ်ခုရဲ့အဆုံးသတ်က အရှုံးတွေတော့မဖြစ်သင့်ဘူး။

ရိုးသားစွာဝန်ခံခြင်းပါ

Thursday, September 25, 2008



အချစ်က ဘာများကောင်းလို့လဲ…။
ငါ့ကို အကြိမ်ကြိမ်နာကျင်စေတယ်
ငါ့ရဲ့အိပ်မက်တွေကို ရပ်တံ့စေတယ်။
ငါ့ဘ၀ကို ဇောက်ထိုးမိုးမျှော်လုပ်ခဲ့တာပဲလေ။
ဒါပေမယ့် ငါ့အချစ်တွေကို အရောင်မပြောင်းလဲနိုင်သေးဘူး…. ချစ်သူ။

အချစ်ဆိုတာ နူးညံ့တယ်
ငါ အကြိမ်ကြိမ်လက်ခံခဲ့တာပဲလေ။
ဒီနူးညံ့မှုတွေကပဲ ငါ့ကိုအနိုင်ယူသွားတာ ခဏခဏပေါ့။
ရူးမိုက်တဲ့ငါ့အချစ်တွေကပဲ တရားလွန်တာလား… ချစ်သူ။

နာကျင်လျှက်နဲ့မစွန့်လွတ်နိုင်တဲ့ စွဲလမ်းမှုတစ်ခု
အတိတ်တွေက ငါ့ကိုလွမ်းမိုး
ငါ့ဆီက ပေးဆပ်မှုတွေကိုသာ မင်းတောင့်တခဲ့တာများလား
ငါလိုချင်ခဲ့တာက မင်းဆီက အချစ်တွေပါ…. ချစ်သူရယ်။

တိုးတိုးတိတ်တိတ် တိုက်ခတ်နေတဲ့
ညနေခင်းလေပြည်လေးတွေထဲမှာ
မင်းရယ်သံတွေကို ငါကြားတယ်
ရှုရှိုက်ခဲ့ဖူးတဲ့ ချစ်သူ့ရနံ ငါမမေ့သေးဘူး။
သစ်ရွက်ကြွေသံတစ်ချို့နဲ့အတူ
မင်းခြေသံတွေကိုလည်း ကြားယောင်နေမိဆဲပါပဲ။

တိတ်ဆိတ်ကြွေကွဲမှုတွေနဲ့ ရှင်သန်ခဲ့ရတဲ့ဘ၀မှာ
ဘာကိုမှ အယုံအကြည်မရှိချင်တော့ပေမယ့်
မင်းရဲ့ခေါ်သံတွေကို နားစွင့်နေမိဆဲ
ငါ့နှလုံးသားအိမ်ကလည်း မင်းအတွက် တံခါးတွေစေ့ထားဆဲပါပဲ
မင်းကို မျှော်နေမိတုန်းပဲ…. ချစ်သူ
ဒါဟာ…… ရိုးသားစွာဝန်ခံခြင်းပါ။

အနမ်းတစ်ပွင့်အတွက် လက်ဆောင်

Tuesday, September 23, 2008

ကို……˝

တိုးတိုးဖွဖွခေါ်သံတစ်ခွန်း

နှုတ်ခမ်းနှစ်လွှာကိုလှုပ်ခတ်သွားစေတယ်

သူ…. ကြားနိုင်ပါ့မလား………။


ရှေ့ဆက်မတိုးရဲတဲ့အတွေးတွေက

နှစ်ချို့ဒါဏ်ရာတွေကိုဖုံးဖိ

စကားလုံးတွေလည်း အခမဲ့ဆွံ့အ

အကြိမ်ကြိမ် တွေဝေစေပြန်တယ်။


အိပ်မောကျခဲ့ဖူးတဲ့ အနမ်းတစ်ပွင့်

တမ်းတနေမိတုန်းပဲ…..

ရင်ခုန်စေသော ဒီအနမ်းရဲ့အရိပ်အောက်မှာ

အိမ်မက်တွေ ဆက်မက်ခွင့်ရချင်သေးတယ်…. ကို။


အိမ်မက်တွေကိုချိုစေသူရယ်

ငါ့ညတွေမှာ အလွမ်းတွေကကြီးစိုး

မျက်လုံးကိုမှိတ် တိတ်ဆိတ်ခြင်းကိုခံစား

အလွမ်းတေးတွေကို ငါ…. သီကုံးတတ်ခဲ့ပြီ။


သိပ်ချစ်တယ်ဆိုတဲ့ စကားလုံးတွေအပြင်

ချစ်သူကို သိပ်ချစ်တဲ့အကြောင်း

တစ်ကြိမ်တစ်ခါမက ငါ… သက်သေထူခဲ့တယ်

သေချာတာကတော့

နှလုံးသားတစ်စုံ ကို့….အတွက်ဖြစ်ခဲ့ပြီ။


ထာဝရအလွမ်းနွံ

Tuesday, August 12, 2008


ဆက်ကျော်သက်ရင်ခုန်ခြင်း

နုပျိုလတ်ဆတ်မှုတွေပျောက်ရှ

အလွမ်းနွံနစ်နေခဲ့တာ ကြာခဲ့ပြီ။


မင်းပုံရိပ်တွေတောင်

ငါ့မျက်ဝန်းမှာ မပီဝိုးတ၀ါးသာကျန်တော့တယ်

လွမ်းတယ်လို့ပြောဖို့ကိုတောင်

ငါ့မှာခွန်အားမရှိတော့ဘူး….. ချစ်သူ


တချိန်ကမင်းပြောခဲ့တဲ့စကား

မင်းရဲ့ကတိတွေကြားမှာ

ငါဟာ မိုးမမြင်လေမမြင်ဖြစ်ခဲ့တယ်

အတိတ်ကို မမေ့ချင်သေးပေမယ့်

အနာဂါတ်တွေအတွက် ငါစိုးရိမ်မိတယ်…. ချစ်သူ


တွေ့ဆုံခြင်း…. ခွဲခွာခြင်းဆိုတာ

မင်းအတွက်တော့ အမှတ်တမဲ့တွေများလား…. ချစ်သူရယ်

ငါ့မှာတော့ ထာဝရအတွက်ဖြစ်တည်ခဲ့တယ်။


ချစ်စိတ်

သူ့အသံဝဲ၀ဲလေးတွေကြားမှာ

ငါအိပ်မောကျခဲ့ဖူးတယ်။


သူ့အပြောပြတ်ပြတ်တွေအောက်မှာလဲ

ငါ့နှုတ်ခမ်းဖျားတွေ ဆွံ့အခဲ့ဖူးတယ်။


သူ့ဓါတ်ပုံမပီမပြင်ကိုကြည့်ပြီးတော့လည်း

ငါရူးသွပ်ခဲ့ဖူးတယ်။


သူ့အကြည့်စိမ်းစိမ်းတွေအောက်မှာ

ရင်ဘတ်တစ်ခုလုံးပြောင်းဆန်သွားခဲ့ရတာချည်းပါပဲ။


စကားလုံးတွေ စိတ်ကူးနှင့်တန်းစီထားပေမယ့်

စိတ်ကူးက စိတ်ကူးပါပဲ

သူ့အရှေ့မှာ ဆွံ့အလို့

ငါဟာ အလိုလိုနေရင်း ရှုံးနိမ့်ခဲ့ပြန်ပါပြီ။



အချိန်တွေ ရင့်ကျက်လာတယ်

Saturday, August 9, 2008


ရှိုက်သံတွေပျံ့လွင့်

မျက်ရည်မိုးတွေရွာသွန်း

သွေးစည်းချောင်းတွေ မရပ်တံ့သေးဘူး။


ဒို့အရေး…. ဒို့အရေး ရင်ကွဲသံတွေဆူညံ

ကမ္ဘာကိုတောင် တုန်လှုပ်စေတယ်

၈၈ရဲ့ဝိဉာဉ်တွေ မကျွတ်သေးဘူး။


နှစ်(၂၀)တိုင်ခဲ့ပြီ

အချိန်တွေရင့်ကျက်လာတယ်

အသက်တွေလည်း ကြီးလာတယ်

ကံဆိုးချင်တော့

အတွေးတွေက ကြီးစိုးလို့ကောင်းနေတုန်း။


နှာခေါင်းပိတ်နားပိတ်

အိပ်နေသူများအိပ်ပျော်နေကြ

အဆော့မက်သူများ

ရန်ဖြစ်တမ်းကစားလို့ကောင်းနေတုန်း


ရုတ်တရက်

မေးခွန်းတစ်ခုထွက်လာ

“၈၈” ရဲ့စိတ်ဓါတ်ကဘာလဲ

ကဲ…. သင်ကော ဘယ်လိုထင်သလဲ ဖြေကြည့်ပါ။



ရေငတ်ပန်း

Friday, August 8, 2008



နူးညံ့တဲ့မိဘရင်ခွင်ပျောက်တော့

မျက်ခင်းတွေက ငါ့ရဲ့မွေ့ရာ

ကမူသစ်တုံးတွေက ငါ့ရဲ့ခေါင်းအုံးပေါ့

ကောင်းကင်ညိုညိုတွေအောက် ငါအိပ်ခဲ့ရတယ်။



အိမ်မက်တွေအကျဉ်းချခံရတော့

မျက်ရည်တွေနဲ့ ငါမျက်နှာသစ်ခဲ့ဖူးတယ်

ရေတခွက်နဲ့ ညစာစားခဲ့ဖူးတယ်

မနက်ဖြန်ဆိုတာကိုတောင် ငါမေ့ထားခဲ့ရသေးတယ်။



နှလုံးသားတွေ အခိုးခံရပြန်တော့

မိုးတွေရွာလည်း ငါမသိဘူး

နေတွေပူလည်း ငါဂရုမစိုက်နိုင်ဘူး

ခိုလုံရာတစ်ခုအတွက် ငါပြေးနေရတုန်းပဲ။



အိမ်ဆိုတာတောင်မရှိခဲ့တဲ့ ငါ့မှာ

သူငယ်ချင်းဆိုတာလည်းမရှိ

ကစားစရာအရုပ်ဆိုတာလည်း ငါ့မှာနတ္တိ

ငါ့ရဲ့ကစားကွင်းက ဗုံးခိုကျင်းတွေဖြစ်ခဲ့ရတယ်။



ကလေးတစ်ယောက်ရဲ့အိမ်မက်

ဘောင်တွေနဲ့လှောင်ပိတ်

ရက်စွဲတွေကို အတင်းမေ့ထားခဲ့ရ

လိုချင်တပ်မက်မှုတွေကို ချိုးနှိမ်ခဲ့ရလို့

အတ္တနဲ့ကမ်းတဲ့ ရင်ငွေ့တောင်

ငါ့ရဲ့ကမ္ဘာထင်မိတယ်။



လေပြေအသုတ်မှာ ရေချိုတစ်ပေါက် မခခဲ့ရတဲ့ရေငတ်ပန်းပေမယ့်

မြေကြီးမနမ်း ကောင်းကင်ဖက်လှမ်းတဲ့ ဇာနည်သွေးမို့

မနွမ်းမခြောက် ဆူးမကြောက်ပဲ ဆူးနွယ်ပန်းလို

ကောင်းကင်ကိုတက် ကြယ်တွေနဲ့ အလှပြိုင်ဖို့

ရဲရဲသာပွင့်နေသေးတယ်။



လိပ်ပြာတစ်ကောင်ရဲ့တောင်ပံခတ်သံ

Sunday, July 27, 2008

လက်ချိုးရေတွက်မယ်ဆိုရင်

“၂၀၀၃”ဆိုတာ ဟိုး…. အဝေးခပ်လှမ်းလှမ်းမှာ

မျက်ရည်တွေခိုတွဲ အပြုံးတွေကြားကနှုတ်ဆက်ခြင်း

ဒီပုံရိပ်တွေ “မောင်”မြင်ယောင်နေမိတုန်းပဲ

“နားလည်ပေးပါ”ဆိုတဲ့စကားလုံးကလွဲလို့

“မောင့်”အတွက် စကားလုံးတွေရှားပါးနေတာလည်း ကြာခဲ့ပြီပေါ့……….။


ရင်ခွင်ထဲခိုဝင် မျက်ရည်တွေရစ်ဝိုင်း

သမီးနှာဖူးပြင်လေး ဖွဖွလေးနမ်းလို့မ၀သေးခင်…..

သားနဲ့အတူ အိမ်မက်တစ်ခုအကြောင်း

နှစ်ကိုယ်ကြားလေးပြောလို့မပြီးသေးခင်…..

မျက်ရည်တွေကွယ်ဝှက် အပြုံးဖြူဖြူတွေကြားက

“မ”မျက်နှာလေး ကြည့်လို့မ၀သေးခင်…..

မနက်ဖြန်ဆိုတဲ့ရက်စွဲတွေထဲ “မောင်”ခရီးဆက်ခဲ့တယ်။


အပြုံးတွေဝေးလွင့် “မ”ပါးပြင်မှာမျက်ရည်တွေခစား

“မောင်” ဘယ်လိုဖြေရမလဲ….။

အားကိုးစရာရင်ခွင်ကျယ်မရှိ ဖခင်နဲ့ဝေးနေရတဲ့ “သားသမီးတွေ”အဖြစ်

“မောင်” ဥပေက္ခာပြုတာတော့မဟုတ်ဘူး။

နိုင်ငံပျက်ကြီးမှာ လူဖြစ်လာတဲ့“မောင်”တို့

မျက်ရည်တွေကိုသောက်သုံး အလွမ်းတွေနဲ့ဝမ်းဖြည့်

ဒီသံသရာမှာ “မောင်”တို့ရုန်းထွက်ဖို့တော့လိုနေပြီလေ။


လင်ယောင်္ကျားရဲ့အဝေး တိတ်တိတ်ကလေး “မ” ငိုနေဦးမလား

ဖခင်ရဲ့နွေးထွေးမှုမဲ့ “သားသမီးတွေ” အားငယ်နေမလား

အဆင်ကော… ပြေမှပြေကြရဲ့လား …..ဒီမေးခွန်းတွေကြား

အပြစ်ရှိသူတစ်ယောက်အလား “မောင့်”မှာ

ခြောက်ခြားညတွေထဲစီးမျှော တရားခံဘယ်သူလဲ ….


ငွေဆိုလို့ချူးတစ်ပြားတောင်မရှိတဲ့ “မောင်”

အချစ်တွေနဲ့ဘ၀ကိုပါ ပုံပေးခဲ့တဲ့ “မ”

“မောင့်”ဘ၀ဆက်တိုင်း သစ္စာကိုရင်မှာထား မြတ်နိုးနေဦးမယ်။

ဖခင်ရဲ့ဝတ္တရားပျက်ပြား ယုံကြည်ချက်ထဲခုန်ဆင်းလိုက်တဲ့ “မောင်”

ရက်စက်တဲ့ဖခင်လို့ပဲ “သားသမီးတွေ” ကင်ပွန်းတပ်ကြမလား

“မောင်”့ ရင်ထဲမှာတော့ ဒီသံယောဇဉ်ကြိုး ခိုင်မြဲနေဦးမှာ ထာဝရပါ။




ချိုမြိန်ခြင်းလား နာကျင်ခြင်းလား


သိပ်ချစ်မိတဲ့ချစ်သူကို

ဘယ်အချိန်စွန့်လွှတ်ရမလဲဆိုတဲ့အသိ

ဒီအသိတွေက ငါ့ကိုနေ့စဉ်ရက်ဆက် ခြောက်လှန့်

အဲဒီရက်တွေကိုစောင့်နေရတာ

ဘယ်လောက်ပင်ပန်းလဲဆိုတာ ငါပဲသိတယ်။


ငိုရမှာမျက်ရည်ကိုတော့ နှမျောတယ်

အကြိမ်ကြိမ် ချုပ်ထိန်းထားတုန်း

ဘာကြောင့်မှန်းမသိ

လွယ်ကူစွာပဲ မျက်ရည်တွေလွင့်စဉ်ထွက်သွားတယ်……।။


ချစ်ခွင့်တောင်းခဲ့တဲ့ မင်းကတရားခံလား

မင်းကို ထင်ထားတာတက် ပိုချစ်မိသွားခဲ့တဲ့ ငါကပဲမှားနေတာလား

အချစ်ဆိုတာ အ-လို့-ချစ် တာတဲ့

ဒါပေမယ့် ငါ -ဆက်-အ-ချင်နေသေးတယ်…. ချစ်သူ။


ဝမ်းနည်းတဲ့အခါ ငါမငိုချင်တော့ဘူး

တိတ်တဆိတ် ဒါဏ်ရာတွေကိုခံစားကြည့်ချင်လာတယ်

လုပ်ချင်ရာ မင်းလုပ်ပါ… ပျော်သလိုသာနေပါ ချစ်သူ

ငါ့အနားကနေတော့ ထွက်မသွားပါနဲ့လား

ဒီနာကျင်မှုတွေကို စွန့်လွှတ်ဖို့ ငါအဆင်သင့်မဖြစ်သေးဘူး။


အေးခဲသွားတဲ့ မင်းရဲ့ရင်ခုန်သံတွေ

စကားလုံးလှလှတွေကိုခုတုံးလုပ်

ငါ့ရဲ့မျက်ရည်တွေနဲ့ မင်းအသက်ဆက်ရှင်နေတာ

မင်းတကယ်ပျော်တယ်ဆိုရင် ငါကျေနပ်ပါတယ်။




တစ်စက် မျက်ရည်

ဝမ်းနည်းတဲ့အခါ မျက်ရည်ကျတတ်တာ

မိန်းမတွေရဲ့ သဘာဝ…..


သနားစရာအသွင် မျက်ရည်တွေကျပြတတ်တာ

မိန်းမတွေရဲ့ ဘသာဝ…..


စိတ်ကောက်ရင် ပြန်ချော့လိုက်

စက္ကန့်တောင်မခြား ပြန်ပြုံးတတ်တာ

မိန်းမတွေရဲ့ သဘာဝ…..


မင်း ထင်နေတဲ့ ဘသာဝ

မင်း ပြောနေတဲ့ သဘာဝ

ဒါဆိုရင်

ကိုယ့်ကိုယ်ကိုယ်အထင်ကြီး

အရှုံးပေးဝန်ခံရမှာကို သေမလောက်ကြောက်

ယဉ်ယဉ်လေးရူးနေတာကလည်း မင်းရဲ့သဘာဝပဲလား…..


ချစ်လို့ နားလည်ပေးဖို့ကြိုးစားတယ်။

နားလည်ပေးရင်း ခွင့်ပါလွတ်ခဲ့တယ်

မျက်ရည်တွေလည်း ကိုယ်စားကျပေးခဲ့ရတာ အကြိမ်ကြိမ်

ဒါကိုမှ နားမလည်

အတ္တတွေ၊ တကိုယ်ကောင်းဆန်တဲ့စိတ်တွေနဲ့

ရူးနေတဲ့မင်းကို ငါတော့ ဘိုင်းဘိုင်ပဲ


လူချင်းတူပေမယ့် အသက်ရှုခြင်းတော့ကွဲတယ်

ငါ့ရဲ့ နောက်ထပ်မျက်ရည်တစ်စက်

မင်းရဲ့ဝိဉာဉ်ဖြစ်ရလိမ့်မယ်…………။