နူးညံ့တဲ့မိဘရင်ခွင်ပျောက်တော့
မျက်ခင်းတွေက ငါ့ရဲ့မွေ့ရာ
ကမူသစ်တုံးတွေက ငါ့ရဲ့ခေါင်းအုံးပေါ့
ကောင်းကင်ညိုညိုတွေအောက် ငါအိပ်ခဲ့ရတယ်။
အိမ်မက်တွေအကျဉ်းချခံရတော့
မျက်ရည်တွေနဲ့ ငါမျက်နှာသစ်ခဲ့ဖူးတယ်
ရေတခွက်နဲ့ ညစာစားခဲ့ဖူးတယ်
မနက်ဖြန်ဆိုတာကိုတောင် ငါမေ့ထားခဲ့ရသေးတယ်။
နှလုံးသားတွေ အခိုးခံရပြန်တော့
မိုးတွေရွာလည်း ငါမသိဘူး
နေတွေပူလည်း ငါဂရုမစိုက်နိုင်ဘူး
ခိုလုံရာတစ်ခုအတွက် ငါပြေးနေရတုန်းပဲ။
အိမ်ဆိုတာတောင်မရှိခဲ့တဲ့ ငါ့မှာ
သူငယ်ချင်းဆိုတာလည်းမရှိ
ကစားစရာအရုပ်ဆိုတာလည်း ငါ့မှာနတ္တိ
ငါ့ရဲ့ကစားကွင်းက ဗုံးခိုကျင်းတွေဖြစ်ခဲ့ရတယ်။
ကလေးတစ်ယောက်ရဲ့အိမ်မက်
ဘောင်တွေနဲ့လှောင်ပိတ်
ရက်စွဲတွေကို အတင်းမေ့ထားခဲ့ရ
လိုချင်တပ်မက်မှုတွေကို ချိုးနှိမ်ခဲ့ရလို့
အတ္တနဲ့ကမ်းတဲ့ ရင်ငွေ့တောင်
ငါ့ရဲ့ကမ္ဘာထင်မိတယ်။
လေပြေအသုတ်မှာ ရေချိုတစ်ပေါက် မခခဲ့ရတဲ့ရေငတ်ပန်းပေမယ့်
မြေကြီးမနမ်း ကောင်းကင်ဖက်လှမ်းတဲ့ ဇာနည်သွေးမို့
မနွမ်းမခြောက် ဆူးမကြောက်ပဲ ဆူးနွယ်ပန်းလို
ကောင်းကင်ကိုတက် ကြယ်တွေနဲ့ အလှပြိုင်ဖို့
ရဲရဲသာပွင့်နေသေးတယ်။
2 comments:
Nge
I like this poem.
very good poem.
after i read this poems,
i wanna cry.......
good luck Nge....
ကဗျာလေးသဘောကျလို့ ကူးယူသွားပါတယ်။ ခွင့်ပြုပါ။
Post a Comment