ဒို့ရိုသေလေးစားတန်ဖိုးထားတဲ့ သံဃာတော်တွေကို မင်းတို့သတ်ခဲ့တယ်။
မင်းတို့ရဲ့မိဘတွေဖြစ်တဲ့ ပြည်သူတွေရဲ့သွေးတွေနဲ့ ခြေဆေးခဲ့တယ်။
မိဘတိုင်းရဲ့ ရင်နှစ်သည်းခြာဖြစ်တဲ့ ကျောင်းသားတွေကိုလည်း မင်းတို့သတ်ခဲ့တယ်။
ဒို့ပြည်သူတွေအကုန်လုံး မင်းတို့ကို ဘယ်လောက်ပက်ပက်စက်စက် ရွံ့မုန်းတယ်ဆိုတာ ကမ္ဘာကသိစေရမယ်။
ကန့်ကွက်မဲသည် တို့ရဲ့လက်နက်ပဲဖြစ်တယ်။
သန်း(၅၀)ကျော် ပြည်သူတွေဟာ ဒို့ရဲ့လူတွေပဲ.....
လက်တွဲညီညီ မဲရုံဆီသို့ ကန့်ကွက်မဲပေး ပြည်သူ့အရေး သွေးကြွေးဆပ်ခွင့်ကြုံပြီဟေ့.........
ကန့်ကွက်မဲပေး.... ဒို့သွေးကြွေး
Wednesday, April 30, 2008Posted by ငယ်ဆူးအိမ် at 10:56 PM 0 comments
Labels: မျှဝေချင်တဲ့ စာကလေးတွေ
Independent Day Open Letter by SCMM
Friday, January 4, 2008ပြည်ထောင်စု လွတ်မြောက်ရေးအတွက် အိတ်ဖွင့်ပေးစာ
ရက်စွဲ- ဇန်န၀ါရီလ၊ ၄ရက်၊ ၂၀၀၈
(လွတ်လပ်ရေးနေ့)
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် န.အ.ဖ ခေါင်းဆောင်များခင်ဗျား၊ ၊
ဦးစွာပြောကြားလိုသည်မှာ ကျွနိုပ်တို့အနေဖြင့် တမျိုးသားလုံး၏ လက်ငင်းနှင့် ရေရှည်အကျိုးစီးပွား ကို ရှေးရှု၍ ပြည်ထောင်စုကို ချစ်မြတ်နိုးသောစိတ်၊ လူသားတဦးချင်းစီ၏ လွတ်လပ်ခွင့်နှင့် ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားသော ရပ်တည်ချက်များဖြင့် ဤစာကို ပေးပို့ရခြင်း ဖြစ်ပါသည်။
ကိုလိုနီကျွန်ဘ၀မှ လွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း(၆၀)ရှိပြီဖြစ်သော်လည်း နိုင်ငံသူ၊ နိုင်ငံသားများ အနေဖြင့် လွတ်လပ်ရေး၏ အရသာကို တင်းပြည့်၊ ကျပ်ပြည့် မခံစားရဘဲ၊ ပြည်တွင်း စစ်ဒဏ်နှင့် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်း စသည့် လောကပါလတရားများ ချို့တဲ့သည့်ဝေဒနာကို အလူးအလဲ ခံစားနေ ကြရဆဲဖြစ်ပြီး ဆင်းရဲဒုက္ခအပေါင်းမှ ယနေ့တိုင် မလွတ်မြောက်နိုင်သေးပေ။ ထို့အပြင် မြန်မာနိုင်ငံ၏ ပြဿနာမှာ နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများအကြားတွင် ခေါင်းခဲစရာ ပုစ္ဆာတပုဒ် ဖြစ်နေ ခြင်းမှာလည်း တိုင်းပြည်အတွက် အလွန်ရှက်စရာကောင်းလှပါသည်။
ယနေ့ ပြည်ထောင်စုတမျိုးသားလုံး ရင်ဆိုင်ကြုံတွေ့နေကြရသည့် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး စသည့် ဘက်ပေါင်းစုံ အထွေထွေအကျပ်အတည်းများမှ လွတ်မြောက်ပြီး ငြိမ်းချမ်းသာယာသော လူ့ဘောင် တရပ် တည်ဆောက်နိုင်ရေးအတွက် အမျိုးသားညီညွှတ်ရေးမှာ အထူးပင် အရေးကြီးလှပါသည်။ ထိုသို့ တမျိုးသားလုံး ရင်ကြားစေ့နိုင်ရေးအတွက် န.အ.ဖ ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သော ဒီမိုကရေစီအင်အားစုများ အပါအ၀င် တိုင်းရင်းသားလူမျုးပေါင်းစုံ ခေါင်းဆောင်များအားလုံး လွတ်လပ်ပွင့်လင်းစွာ၊ ချစ်ကြည်ရင်းနှီးစွာဖြင့် တန်းတူရည်တူ ၀ိုင်းဝန်းဆွေးနွေး၍ အဖြေရှာကြသော နည်းလမ်းမှတပါး၊ အခြားနည်းလမ်း မမြင်ပါ။
စစ်မှန်သော တွေ့ဆုံဆွေးနွေးပွဲများအား တရက်စော၍ ကျင်းပနိုင်လျှင် တိုင်းပြည်အတွက် တရက်ပို၍ အကျိုးဖြစ်ထွန်းနိုင်သကဲ့သလို့ တရက်နောက်ကျလျှင်၊ တရက်နောက်ကျသလောက် နစ်နာဆုံးရှုံး မှုများ ရှိစေနိုင်ပါသည်။ သို့ပါ၍ အဓိပ္ပယ်ပြည့်ဝပြီး အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးပွဲများ၊ အမြန်ဆုံး အကောင်အထည်ပေါ်လာစေရေးအတွက် ကျွန်ုပ်တို့အနေဖြင့် အပြုသဘောဆောင်သော စိတ်ထားများ၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် လက်တွဲကြိုးပမ်းသွားရန် အထူးလိုလားလျှက်ရှိပါသည်။
ပြီးခဲ့သည့် အတိတ်ဒဏ်ရာများအား သမိုင်းသင်ခန်းစာများအဖြစ် ပြည်ဖုံးကားချခဲ့ပြီး သင်တို့၊ ကျွန်ုပ် တို့အားလုံး၏ ယနေ့နှင့် မနက်ဖြန်များစွာအတွက်ကိုသာ အမျက်အညှိုးမထားဘဲ ချစ်သောမျက်စိဖြင့် ကြည့်ကြ မြင်ကြနိုင်ရေးသည် အသက်တမျှ အရေးကြီးနေပါပြီ။ ထိုသို့မဟုတ်ဘဲ တင်းမာရေးလမ်းကြောင်း ပေါ်တွင် တဖက်နှင့်တဖက် ကျောခိုင်းပြီး မျဉ်းပြိုင်ရွှေ့လျားနေကြဦးမည်ဆိုပါက တိုင်းပြည်၏ လူမှုစီးပွား ဒုက္ခ အ၀၀မှ ကုစားဖို့ရန် ဆေးမှီနိုင်တော့မည်မဟုတ်ပါ။ နောက်ဆက်တွဲအနေဖြင့် လူထု၏ ဒုက္ခပင်လယ်ဝေမှုနှင့် မွန်းကျပ်ပိတ်လှောင်နေမှုများက အုံကြွမှုများနှင့် သွေးထွက်သံယိုဖြစ်မှုများဆီသို့ မရှောင်နိုင်၊ မတိမ်းနိုင်တော့ ဘဲ ၀င်ရောက်တိုးတိုက်မိလိမ့်ဦးမည် ဆိုသည်မှာ သံသယဖြစ်စရာမရှိပါ။
သို့ဖြစ်သောကြောင့် န.အ.ဖ ခေါင်းဆောင်များအနေဖြင့် ပြည်ထောင်စုအကျိုးကို မျှော်ကိုးပြီး ပြည်ထောင်စုသားအားလုံး စိတ်နှလုံးရွှင်ပြုံးနိုင်ရေးအတွက် ထင်သာမြင်သာသော တိုးတက်ပြောင်းလဲမှု တရပ်အဖြစ် ဖမ်းဆီးထိန်းသိမ်းခံနေကြရသော ရဟန်းသံဃာတော်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ကျောင်းသားလူငယ်များ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးအား ချွင်းချက် မထားဘဲ ယနေ့ ဇန်န၀ါရီလ (၄)ရက် (လွတ်လပ်ရေးနေ့)မှစတင်၍ ဖေဖေါ်ဝါရီလ (၁၂)ရက် (ပြည်ထောင်စု နေ့) နောက်ဆုံးထားပြီး ပြည်လည်လွှတ်ပေးပါရန်နှင့် စစ်မှန်သောတွေ့ဆုံဆွေးနွေးပွဲများအား အချိန်မဆိုင်းဘဲ အမြန်ဆုံး စတင်ပါရန် လေးနက်တည်ကြည်စွာ ပန်ကြားအပ်ပါသည်။ ။
လူထု လှုပ်ရှားမှု ကြီးကြပ်ရေး ကော်မတီ
Posted by ငယ်ဆူးအိမ် at 11:52 AM 0 comments
Labels: မျှဝေချင်တဲ့ စာကလေးတွေ
Wonderful Myanmar
Tuesday, December 18, 2007“စိတ်မ၀င်စားဘူးလို့ ပြောတာပါ ဒယ်ဒီ”
“မရဘူးသမီး။ ဒီခေတ်ကြီးမှာ မင်းဗမာစာ၊ ဗမာစကား မတတ်လို့မရဘူး”
“ဒါဆိုလည်း နောက်မှတတ်မယ် ဒယ်ဒီ။ အခုသမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှုအတန်းတွေ တက်ရဦးမယ်”
“အဲဒါ ခက်တာပဲ။ ဘာကအရေးကြီးလဲဆိုတာ မင်းတို့ကလေးတွေ မခွဲနိုင်ဘူး။ ဗမာစကားတတ်ရင် ကမ္ဘာမှာ မင်းသွားချင်တဲ့ဆီ သွားလို့ရပြီ။ မင်းလုပ်ချင်တဲ့အလုပ် လုပ်လို့ရပြီကွ”
“အဂ်လိပ်စာထက်ပဲ အသုံးဝင်ဦးမလား ဒယ်ဒီရာ”
“၀င်ပြီလား သမီ။ ကဲ .... မင်းဗမာစာ၊ ဗမာစကားတတ်ပြီ ဆိုပါတော့။ ပထမဆုံး မင်းရန်ကုန်က မာစတာ တန်းတွေ တက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်းစာခန့်တွေ ဖတ်လို့ရမယ် ... ပြီးတော့....”
“ရှိတ်စပီးယားထက်ပဲ ကောင်းဦးမလား။ ဒါထက် ဂျပန်လူမျိုး အဖေက ဒီလိုပြောတာကို အံ့သြမိပါရဲ့”
“ဘာကွ .... အေး .... ၂၀၀၀ ပြည့်နှစ်လောက်ကဆို ငါပြောတာ မှားချင်မှားမယ်။ အခုလို အချိန်မှာတော့ မင်းဗမာစာမတတ်ရင် ဘာဖြစ်မယ်ထင်လဲ”
“သိပ်တော့ မထူးပါဘူး”
“ဟာ ... သိပ်ထူးတာပေါ့ သမီးရယ်။ ကဲ .... ဒယ်ဒီပြောမယ် .... နားထောင်။ ဗမာစာမတတ်ရင် နောက် နှစ်ဆန်းမှာ ထွက်လာမယ့် Microsoft ရဲ့ Window Popa (၀င်းဒိုးပုပ္ပါး)ကို မင်းဘယ်လိုသုံးမလဲ။ ထားပါ တော့ မင်းက Open Source လို့။ Linux ရဲ့ “ဟင်္သာရောင် အပိုင်း(၆)” (Hintha Shine Core 6) ကိုရော ဘယ်လိုကိုင်တွယ်မလဲ။
အလုပ်လုပ်လို့ မကောင်းတော့တဲ့ Window
“ဘာဆိုင်လဲ ဒယ်ဒီရာ”
“ဆိုင်တာပေါ့ .... On Touch Screen နဲ့ Voice Command တွေသုံးထားတဲ့ (ဆသရ) အမျိုးအစားဖုံးတွေ ကို မင်းဘယ်လို အသုံးချမလဲ။ မြေပုံက စာတန်းတွေကလည်း ဗမာလိုလေ”
“Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လို သုံးပါသေးတယ်“
“ဒယ်ဒီသိပြီ။ ငါ့သမီးက ၀ိဇ္ဇာတန်းတက်ပြီး ခေတ်နဲ့မျက်ခြေပျက်နေတာကိုး။ မင်းပြောတဲ့ တံဆိပ်တွေက နည်းပညာပိုင်းမှာ ဆသရကို မမှီတော့ဘူးကွ။ စစ်ကိုင်းမှာ လုပ်သွားတဲ့ ဆသရအရောင်းမြှင့်တင်ရေးပွဲကို MRTV ၂၃က တိုက်ရိုက်လွှင့်လို့ ဖေဖေကြည့်လိုက်ရတယ်။ သိပ်ကိုကောင်းတဲ့ လက်ကိုင်ဖုံးတွေပဲ သမီး။ Nokia ဆိုတာ ကလေးကစားတာပါကွာ။ ကဲ .... ဒီတော့ သမီး ဗမာစာ သင်တန်းသွားတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီ ဗမာပြည်သွားရင်လိုက်ခဲ့တော့။ ဟုတ်ပြီလား”
“ဗမာပြည်ဝင်ခွင့် ဗီဇာက ထင်သလောက်မလွယ်ဘူးနော်။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ”
“ဒယ်ဒီက တောင်ငူမှာလုပ်မယ့် လေယာဉ်ပြပွဲကို သွားမယ်။ ဗမာပြည်လုပ် “မိုးယဲဆင်” ငါးထပ်လူစီး လေယာဉ်ကို အဓိကကြည့်ချင်လို့ပါ။ အဲဒီလေယာဉ်က ပြေးလမ်းမလိုဘူး။ ပြီးတော့ အတောင်ပံတွေကိုလည်း ခေါက်သိမ်းနိုင်သလဲ။ သမီးပါရင်တော့ ရန်ကုန် မြကျွန်းသာပန်းခြံထဲက ရေအောက်ပြခန်းမှာလုပ်မယ့် စက်ရုပ်အလေးမပြိုင်ပွဲကို ၀င်ကြည့်မလားလို့လေ”
“စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ။ ဒါနဲ့ အစားအသောက်က အဆင်ပြေပါ့မလား ဒယ်ဒီ”
“ဟား ဟား...... ငါ့သမီးလဲ သူ့အမေနဲ့တူလာပြီ။ ကြံဖန်ပူတတ်လာတယ်။ ဒီမှာ သမီး ..... ဗမာပြည်မှာ မရတာမရှိဘူး။ သမီး ဘာစားချင်သလဲ။ အဆူးမပါ အနံ့ကင်းတဲ့ ၂၀၀၄ ခုနှစ်စတိုင် ဒူးရင်းသီးလား။ သယ်ယူရလွယ်ကူတဲ့ လေးထောင့်ပုံ ကြက်ဆင်ဥလား။ လေဆာနဲ့ အရိုးတွေကိုချေပြီး တကောင်လုံးဝါးလို့ရ အောင်လုပ်ထားတဲ့ ငါးသလောက်ပေါင်းလား။ ဥရောပသားတွေအတွက် သီးသန့်လုပ်ထားတဲ့ အဖြူရောင်ပုန်းရည်ကြီးလား။ ဒါမှ မဟုတ်.....”
“တော်ပါပြီ ဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ။ သွားရေးလာရေးနဲ့ ဆက်သွယ်ရေးက ....”
“သမီး .... သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ။ ဗမာပြည်သွားမယ်ဆို ဒါတွေကို ထည့်စဉ်းစားဖို့ကို မလိုဘူးလေ။ လေယာဉ်ပေါ်က ဆင်းတာနဲ့ အောက်ဆီဂျင်စစ်စစ်ထည့်ထားတဲ့ လေရှူဘူးတွေပေးမယ်။ နေရောင်ခြည်ကာတဲ့ ဦးထုပ်နဲ့မျက်မှန် လည်းပေးမယ်။ ရာသီဥတုကြောင့်တော့ သမီး မပူရတော့ဘူး။ သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးလာတဲ့ကားတံခါးကို လာကပ်မယ့် Tube တွေရှိတယ်။ အဲဒီအပေါ် ခြေထောက်ချလိုက်ရုံနဲ့ အလိုအလျောက်ရွေ့လျားပြီး သမီးကို Reception ကို ပို့ပေးလိမ့်မယ်။ အဲဒီမှာ ဘာသာစကား အနည်းဆုံး (၅၉၀)လောက်ပြောတတ်တဲ့ ဟိုတယ်ဝန်ထမ်းတွေ စောင့်နေလိမ့်မယ်။ နောက်ဘာတဲ့... ဆက်သွယ်ရေးဟုတ်လား.... ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ့ အင်တာနက်ကွန်နက်ရှင်ရပြီ။ GSM တွေသယ်လာရင် ပြောလို့ရပြီ။ အဲ ....ကိုယ့်ဖုန်းကို ယူလာဖို့မေ့လာရင်လည်း မပူပါနဲ့။ လေဆိပ်မှာ လက်ကမ်းစာစောင်ဝေသလို GSM တွေ လိုက်ဝေနေတဲ့ ချာတိတ်တွေရှိတယ်။ ကြိုက်တဲ့ GSM Card ရွေးယူ။ Hand Set ကတော့ ထုတ်ထားတာ (၂)ပတ်ကြာတဲ့ မော်ဒယ်ဆိုရင် အလကားယူလို့ရတယ်လေ။ အများစုကတော့ “ဆသရ”လို့ခေါ်တဲ့ ဆက်သွယ်ရေးတံဆိပ် တွေပေါ့လေ”
“အော် ... ကောင်းလိုက်တာနော်။ ဒါနဲ့ အစိုးရနဲ့ နိုင်ငံရေးကရော ....”
“အစိုးရ ... အစိုးရ ... ဒီအစိုးရကတော့ကွာ .... ဖေဖေပြောမယ် ... ဒီလိုရှိတယ် .....”
ထိုစဉ် ... “ဆိုက်ကားအားလား”ဟူသော ခရီးသည်အသံကြောင့် ကျွန်တော်လည်း လန့်နိုးသွားကာ ခရီးသည်ကို လိုရာသို့ တင်ဆောင်လိုက်ပို့လေတော့သတည်း။
Posted by ငယ်ဆူးအိမ် at 11:29 AM 0 comments
Labels: မျှဝေချင်တဲ့ စာကလေးတွေ
အမေရေ
Thursday, November 29, 2007ဗကသများအဖွဲ့ချုပ်
အမေ့ရဲ့ငြိမ်းချမ်းရေးယုံကြည်ချက်ကို
သားတို့လက်ဆင့်ကမ်းသယ်ဆောင်ရင်း
အမေ့ရဲ့အိမ်မက်တွေကို သားတို့တွေလည်း
ဆက်မက်နေကြတယ်။
အမေတို့ခေတ်ရဲ့ ရင်ခုန်သံတွေဟာ
အခုသားတို့ရဲ့ အသက်ရှုသံတွေပါတယ်။
အမေတို့တည်ဆောက်ခဲ့တဲ့ နိုင်ငံချစ်စိတ်တွေ
သမဂ္ဂအစဉ်အလာတွေ
အမှန်တရားထံ သက်ဝင်ယုံကြည်မှုတွေကို
အမွေဆက်ခံပြီး
တော်လှန်ရေးခရီးကို သားတို့ဆက်လှမ်းနေကြတယ်။
အမေတို့တွေ့ချင်မြင်ချင်တဲ့ကမ္ဘ္ဘာဟာ
သားတို့ တွေ့ချင်မြင်ချင်တဲ့ကမ္ဘာပါပဲ။
အမေတို့ မမောမပန်း
လျှောက်လှမ်းခဲ့တဲ့
တော်လှန်ရေးဆိုတဲ့ခရီးလမ်းဟာ
သားတို့လည်း မမောမပန်းပဲ
ဆက်လက်လျှောက်လှမ်းချင်ပါတယ်။
ဆက်လက်လျှောက်လှမ်းသွားမယ်လို့လည်း
ကတိပြုပါတယ်။
သားတို့ အသက်နဲ့အမျှ ဂါရ၀ထားရတဲ့
အမေရေ
အမှန်တရားက အောင်ပွဲခံတဲ့နေ့မှာ
အမေ့ကို ရှိနေစေချင်ပါတယ်။
ကျနော်တို့လည်း ရှိနေချင်ပါတယ်။
အရာအားလုံးလည်း ရှိနေစေချင်ပါတယ်။
အမေအပါအ၀င်
ပြည်သူလူထုပို့သတဲ့မေတ္တ္တာနဲ့
ကျနော်တို့ လွတ်မြောက်ရှင်သန်နေဆဲပါ။
ကျနော်တို့နဲ့အတူ
တော်လှန်ရေးစိတ်ဓာတ်လည်း
လွတ်မြောက်ရှန်သန်နေဆဲပါ။
ကျနော်တို့အတွက်
ကျနော်တို့နိုင်ငံအတွက်
လူသားအားလုံးအတွက်
အမေ ကျန်းကျန်းမာမာနဲ့
ဆက်လက်မေတ္တ္တာပို့
စောင့်ရှောက်နိုင်ပါစေ။ ။
Posted by ငယ်ဆူးအိမ် at 2:47 PM 0 comments
Labels: မျှဝေချင်တဲ့ စာကလေးတွေ
တုနှိုင်းမမီ(ဆရာတင်မိုး)
Tuesday, November 27, 2007တချိန်တုန်းက
“သခင်မျိုးဟေ့ - ဒို့ဗမာ” တဲ့
စစ်ကြီးပြီးစ လွတ်လပ်ရေးမရခင်
‘သေရဲတာ အလံနီ‘ တဲ့
၈၈-ခု၊ လူထုတိုက်ပွဲ
အသံစဲသွားပြီး နောက်ပိုင်း
‘ကြောက်ရဲတာ ဒို့ဗမာ‘လို့
လှောင်စရာ ဖြစ်ခဲ့ပြီ။
ကြောက်တတ် မြှောက်တတ်
ဒူးတုပ်ရိုကျိုး၊ ရှိခိုးတတ်တဲ့
ကပ်စားရပ်စား၊ အနပ်အပါးပြုတတ်တဲ့
လူထုကိုဆန့်ကျင်၊ အာဏာရှင်ကိုရှစ်ခိုး
အရိုးအရင်းစားဖို့
သွားရည်တမြားမြား ကျတတ်တဲ့
မမြတ်သောအကျင့်၊ အမြင့်သောအကြံ
မမှန်သောလုပ်ရပ်တွေနဲ့
လုပ်ဇာတ်တွေခင်းတတ်တဲ့
သိမ်ဖျင်းတဲ့ဗမာ
အဲဒီစာရင်းထဲ မင်းပါသလား။
မင်းပါခဲ့ရင်
ဗမာလူမျိုး မဟုတ်
မြန်မာလူမျိုး မဟုတ်
မမာ လူမျိုးယုတ် ဖြစ်ခဲ့ပြီ။
အကျိုးရှိမရှိ မင်းမကြည့်
သခင် ကြိုက်မကြိုက် အလိုလိုက်
အချောင်နှိုက်ချင်တဲ့ မင်းစိတ်ဓါတ်
ယုတ်မာတဲ့ မင်းလုပ်ရပ်
မင့် အထ္တုပွတ္တိဟာ
သေနတ်နဲ့ဓား ဦးစားပေး
အမြတ်နဲ့တရားကို ဦးစားမပေးတဲ့
ခွေးမျိုး ဖြစ်ခဲ့ပြီ။
လူစင်စစ်က ခွေးဖြစ်ရတဲ့
ဘ၀နုံချာ ဒို့ဗမာ
ရာဇ၀င်သမိုင်း ရိုင်းချင်တိုင်းရိုင်း
လူ့တိုင်းပြည်မှာ
တုနှိုင်းမမီ ပါလားကွယ်။
ဒီကဗျာက ဆရာတင်မိုးရဲ့ ကဗျာတွေထဲက တစ်ပုဒ်ပါ။ အားလုံးနဲ့ဝေမျှချင်လို့ ကူးပြီး တင်ပေးလိုက်ပါတယ်။
Posted by ငယ်ဆူးအိမ် at 10:56 PM 0 comments
Labels: မျှဝေချင်တဲ့ စာကလေးတွေ