“စိတ်မ၀င်စားဘူးလို့ ပြောတာပါ ဒယ်ဒီ”
“မရဘူးသမီး။ ဒီခေတ်ကြီးမှာ မင်းဗမာစာ၊ ဗမာစကား မတတ်လို့မရဘူး”
“ဒါဆိုလည်း နောက်မှတတ်မယ် ဒယ်ဒီ။ အခုသမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှုအတန်းတွေ တက်ရဦးမယ်”
“အဲဒါ ခက်တာပဲ။ ဘာကအရေးကြီးလဲဆိုတာ မင်းတို့ကလေးတွေ မခွဲနိုင်ဘူး။ ဗမာစကားတတ်ရင် ကမ္ဘာမှာ မင်းသွားချင်တဲ့ဆီ သွားလို့ရပြီ။ မင်းလုပ်ချင်တဲ့အလုပ် လုပ်လို့ရပြီကွ”
“အဂ်လိပ်စာထက်ပဲ အသုံးဝင်ဦးမလား ဒယ်ဒီရာ”
“၀င်ပြီလား သမီ။ ကဲ .... မင်းဗမာစာ၊ ဗမာစကားတတ်ပြီ ဆိုပါတော့။ ပထမဆုံး မင်းရန်ကုန်က မာစတာ တန်းတွေ တက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်းစာခန့်တွေ ဖတ်လို့ရမယ် ... ပြီးတော့....”
“ရှိတ်စပီးယားထက်ပဲ ကောင်းဦးမလား။ ဒါထက် ဂျပန်လူမျိုး အဖေက ဒီလိုပြောတာကို အံ့သြမိပါရဲ့”
“ဘာကွ .... အေး .... ၂၀၀၀ ပြည့်နှစ်လောက်ကဆို ငါပြောတာ မှားချင်မှားမယ်။ အခုလို အချိန်မှာတော့ မင်းဗမာစာမတတ်ရင် ဘာဖြစ်မယ်ထင်လဲ”
“သိပ်တော့ မထူးပါဘူး”
“ဟာ ... သိပ်ထူးတာပေါ့ သမီးရယ်။ ကဲ .... ဒယ်ဒီပြောမယ် .... နားထောင်။ ဗမာစာမတတ်ရင် နောက် နှစ်ဆန်းမှာ ထွက်လာမယ့် Microsoft ရဲ့ Window Popa (၀င်းဒိုးပုပ္ပါး)ကို မင်းဘယ်လိုသုံးမလဲ။ ထားပါ တော့ မင်းက Open Source လို့။ Linux ရဲ့ “ဟင်္သာရောင် အပိုင်း(၆)” (Hintha Shine Core 6) ကိုရော ဘယ်လိုကိုင်တွယ်မလဲ။
အလုပ်လုပ်လို့ မကောင်းတော့တဲ့ Window
“ဘာဆိုင်လဲ ဒယ်ဒီရာ”
“ဆိုင်တာပေါ့ .... On Touch Screen နဲ့ Voice Command တွေသုံးထားတဲ့ (ဆသရ) အမျိုးအစားဖုံးတွေ ကို မင်းဘယ်လို အသုံးချမလဲ။ မြေပုံက စာတန်းတွေကလည်း ဗမာလိုလေ”
“Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လို သုံးပါသေးတယ်“
“ဒယ်ဒီသိပြီ။ ငါ့သမီးက ၀ိဇ္ဇာတန်းတက်ပြီး ခေတ်နဲ့မျက်ခြေပျက်နေတာကိုး။ မင်းပြောတဲ့ တံဆိပ်တွေက နည်းပညာပိုင်းမှာ ဆသရကို မမှီတော့ဘူးကွ။ စစ်ကိုင်းမှာ လုပ်သွားတဲ့ ဆသရအရောင်းမြှင့်တင်ရေးပွဲကို MRTV ၂၃က တိုက်ရိုက်လွှင့်လို့ ဖေဖေကြည့်လိုက်ရတယ်။ သိပ်ကိုကောင်းတဲ့ လက်ကိုင်ဖုံးတွေပဲ သမီး။ Nokia ဆိုတာ ကလေးကစားတာပါကွာ။ ကဲ .... ဒီတော့ သမီး ဗမာစာ သင်တန်းသွားတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီ ဗမာပြည်သွားရင်လိုက်ခဲ့တော့။ ဟုတ်ပြီလား”
“ဗမာပြည်ဝင်ခွင့် ဗီဇာက ထင်သလောက်မလွယ်ဘူးနော်။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ”
“ဒယ်ဒီက တောင်ငူမှာလုပ်မယ့် လေယာဉ်ပြပွဲကို သွားမယ်။ ဗမာပြည်လုပ် “မိုးယဲဆင်” ငါးထပ်လူစီး လေယာဉ်ကို အဓိကကြည့်ချင်လို့ပါ။ အဲဒီလေယာဉ်က ပြေးလမ်းမလိုဘူး။ ပြီးတော့ အတောင်ပံတွေကိုလည်း ခေါက်သိမ်းနိုင်သလဲ။ သမီးပါရင်တော့ ရန်ကုန် မြကျွန်းသာပန်းခြံထဲက ရေအောက်ပြခန်းမှာလုပ်မယ့် စက်ရုပ်အလေးမပြိုင်ပွဲကို ၀င်ကြည့်မလားလို့လေ”
“စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ။ ဒါနဲ့ အစားအသောက်က အဆင်ပြေပါ့မလား ဒယ်ဒီ”
“ဟား ဟား...... ငါ့သမီးလဲ သူ့အမေနဲ့တူလာပြီ။ ကြံဖန်ပူတတ်လာတယ်။ ဒီမှာ သမီး ..... ဗမာပြည်မှာ မရတာမရှိဘူး။ သမီး ဘာစားချင်သလဲ။ အဆူးမပါ အနံ့ကင်းတဲ့ ၂၀၀၄ ခုနှစ်စတိုင် ဒူးရင်းသီးလား။ သယ်ယူရလွယ်ကူတဲ့ လေးထောင့်ပုံ ကြက်ဆင်ဥလား။ လေဆာနဲ့ အရိုးတွေကိုချေပြီး တကောင်လုံးဝါးလို့ရ အောင်လုပ်ထားတဲ့ ငါးသလောက်ပေါင်းလား။ ဥရောပသားတွေအတွက် သီးသန့်လုပ်ထားတဲ့ အဖြူရောင်ပုန်းရည်ကြီးလား။ ဒါမှ မဟုတ်.....”
“တော်ပါပြီ ဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ။ သွားရေးလာရေးနဲ့ ဆက်သွယ်ရေးက ....”
“သမီး .... သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ။ ဗမာပြည်သွားမယ်ဆို ဒါတွေကို ထည့်စဉ်းစားဖို့ကို မလိုဘူးလေ။ လေယာဉ်ပေါ်က ဆင်းတာနဲ့ အောက်ဆီဂျင်စစ်စစ်ထည့်ထားတဲ့ လေရှူဘူးတွေပေးမယ်။ နေရောင်ခြည်ကာတဲ့ ဦးထုပ်နဲ့မျက်မှန် လည်းပေးမယ်။ ရာသီဥတုကြောင့်တော့ သမီး မပူရတော့ဘူး။ သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးလာတဲ့ကားတံခါးကို လာကပ်မယ့် Tube တွေရှိတယ်။ အဲဒီအပေါ် ခြေထောက်ချလိုက်ရုံနဲ့ အလိုအလျောက်ရွေ့လျားပြီး သမီးကို Reception ကို ပို့ပေးလိမ့်မယ်။ အဲဒီမှာ ဘာသာစကား အနည်းဆုံး (၅၉၀)လောက်ပြောတတ်တဲ့ ဟိုတယ်ဝန်ထမ်းတွေ စောင့်နေလိမ့်မယ်။ နောက်ဘာတဲ့... ဆက်သွယ်ရေးဟုတ်လား.... ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ့ အင်တာနက်ကွန်နက်ရှင်ရပြီ။ GSM တွေသယ်လာရင် ပြောလို့ရပြီ။ အဲ ....ကိုယ့်ဖုန်းကို ယူလာဖို့မေ့လာရင်လည်း မပူပါနဲ့။ လေဆိပ်မှာ လက်ကမ်းစာစောင်ဝေသလို GSM တွေ လိုက်ဝေနေတဲ့ ချာတိတ်တွေရှိတယ်။ ကြိုက်တဲ့ GSM Card ရွေးယူ။ Hand Set ကတော့ ထုတ်ထားတာ (၂)ပတ်ကြာတဲ့ မော်ဒယ်ဆိုရင် အလကားယူလို့ရတယ်လေ။ အများစုကတော့ “ဆသရ”လို့ခေါ်တဲ့ ဆက်သွယ်ရေးတံဆိပ် တွေပေါ့လေ”
“အော် ... ကောင်းလိုက်တာနော်။ ဒါနဲ့ အစိုးရနဲ့ နိုင်ငံရေးကရော ....”
“အစိုးရ ... အစိုးရ ... ဒီအစိုးရကတော့ကွာ .... ဖေဖေပြောမယ် ... ဒီလိုရှိတယ် .....”
ထိုစဉ် ... “ဆိုက်ကားအားလား”ဟူသော ခရီးသည်အသံကြောင့် ကျွန်တော်လည်း လန့်နိုးသွားကာ ခရီးသည်ကို လိုရာသို့ တင်ဆောင်လိုက်ပို့လေတော့သတည်း။
0 comments:
Post a Comment