ကျေးဇူးပါပဲ ..... ချစ်သူ

Monday, December 10, 2007

ငယ်ဆူးအိမ်


ချစ်သူ.......

“ခွင့်လွှတ်ပါ”လို့ မတောင်းဆိုချင်ပေမယ့်

နားလည်ပေးပါလို့လည်း ပြောစရာမလိုလောက်အောင်

ကိုယ့်ကို အမြဲတမ်းနားလည်ခွင့်လွှတ်ခဲ့တဲ့မင်း

မင်းရဲ့နားလည်မှုတွေကိုတော့ ငတ်မွတ်နေတုန်းပဲ..... ချစ်သူ


အဖြူရောင်သက်သက် မင်းနှလုံးသား

နက်ရှိုင်းလွန်းတဲ့ မင်းရဲ့အချစ်

ချစ်တတ်လွန်းခဲ့တဲ့ မင်းကို

လမ်းခွဲစကားတွေပြောပြီး မထားခဲ့ရက်ပေမယ့်

ကိုယ့်ရဲ့အပြတ်သားမှုတွေကြောင့်

မင်းကို နာကျင်စေခဲ့တာ ကိုယ်မငြင်းပါဘူး .... ချစ်သူ


စကားလုံးပေါင်းများစွာရဲ့နောက်

များစွာသော“ဒါပေမယ့်”တွေ

ရင်နဲ့အပြည့် မျိုသိမ့်ထားတာ

မင်းမသိနိုင်ခဲ့ပေမယ့်

ဒီအချိန်မှာ မင်းကိုဝေဒနာပေးမယ့်သူတစ်ယောက် မဟုတ်ပါဘူး.....။


ရစ်ပတ်နှောင်ဖွဲ့ သံယောဇဉ်နွယ်

ရင်ခုန်သံကြားက ချစ်သူတွေပေမယ့်

တွေ့ဆုံကြုံကွဲ သဘာဝတရား

ဖူးစာမပါ ကံမဆုံတော့

ဒီလောက်နဲ့ပဲ လမ်းခွဲလိုက်တာ

ဘာဆန်းသလဲ ၀မ်းမနည်းပါနဲ့ ...... ချစ်သူ


တစ်စုံတရာ စွဲလမ်းမှုကြောင့်

တစ်စုံတရာအပေါ် တွေဝေနေမှုကြောင့်

ခံစားရတဲ့ ကိုယ်နဲ့မင်းဟာ

တကယ်တမ်းမှာတော့

ဘယ်တော့မှ မုန်းမသွားနိုင်မယ့်

ဘယ်သူမှ မသိရှိနိုင်မယ့်

ရင်ခုန်သံတွေကြားက ချစ်သူတွေပါ .....


ဘာမှပြောဖို့ မသင့်တော်တော့တဲ့ အခြေအနေမှာ

ဘာကိုမှ ရှင်းရှင်းလင်းလင်း ပြောမပြနိုင်တဲ့ ဒီအချိန်မှာ

အရာအားလုံးအတွက် ကျေးဇူးပါပဲ ..... ချစ်သူ



0 comments: