ကျမရဲ့ဧရာဝတီ

Saturday, June 7, 2008



မိုးတွေရွာရင် အလိုလိုနေရင်းလွမ်းမိတယ်
လေပြင်းတွေက လူကိုကျီဆယ်တယ်လေ။
မိုးရွာထဲမှာ လမ်းလျှောက်တတ်တဲ့
ခြေလှမ်းတွေရဲ့ပျော်ရွှင်မှုကို ဘယ်သူကသိနိုင်မှာလဲ။
အခုတော့ မိုးတွေကိုမုန်းလိုက်ရတော့မှာလား ဧရာဝတီ။

ကျယ်ပြန့်ပြီး ရွှေဝါရောင်လွမ်းတဲ့ လယ်ကွင်းပြင်တွေ
ကျမရဲ့အရပ်ထက်ရှည်တဲ့ မြက်ပင်စိမ်းစိမ်းရိုင်းရိုင်းတွေ
ခြေရာတွေကျန်ခဲ့တတ်တဲ့ ရွံ့ဗွက်ထူထူတွေ
ဒီမြင်ကွင်းတွေဟာ တကယ်တော့ ကျမရဲ့ပတ်ဝန်းကျင်ပဲလေ
ဘယ်သူမှမသိလိုက်ခင်မှာ ပြောင်းလဲခြင်းခံလိုက်ရတယ်။
̏နာဂစ်˝ဆိုတဲ့ မုန်တိုင်းကို အပြစ်တင်ရမှာလား ဧရာဝတီ။

ဓနိပင်တွေနဲ့အပြိုင် ရွာကိုပတ်ပြီး စီးနေတဲ့မြစ်ချောင်း
ကျမတို့ငယ်ငယ်ကတည်းက အမြဲရေချိုး…. ရေကူးခဲ့တာပေါ့။
သေးသေးကြီးကြီး ငါးတွေနဲ့လည်း ဆော့ကစားခဲ့တာပဲလေ။
ဒီရေ အတက်အကျကိုလိုက်ပြီး အချိန်တွေကိုတောင် ရေတွက်ခဲ့မိဖူးတာ။
ဒါတွေကို ဘယ်လိုမေ့လို့ရမှာလဲ ဧရာဝတီရယ်။

ထန်းပင်အုန်းပင်တွေနဲ့ ကာရံထားတဲ့
ကျမတို့ရွာက တခုတည်းသောရေကန်ကြီးရယ်
ရေရှည်အတွက် သိုလှောင်ထားတဲ့ စပါးကျီကြီးတွေရယ်
အခုတော့လည်း ရေငန်ရေတွေက ၀င်လိုဝင်
အမိုးအကာတွေက ပြိုပျက်လိုပျက် လွင့်လိုလွင့်
ဘာတွေများ….. ကျမတို့အပြစ်လုပ်ခဲ့မိလို့လဲ ဧရာဝတီ။

ပြောပြပါဦး။
ကျမတို့ဘ၀တွေ ပျက်ဆီးခဲ့ရတယ်။
ကျမတို့ရဲ့မျှော်လင့်ချက်တွေ သေဆုံးခဲ့ရတယ်။
ဘာကြောင့်လဲ ဧရာဝတီ
တစ်ကြိမ်တစ်ခါဖြစ်ဖြစ် ပြောပြလှည့်ပါဦး။

0 comments: