နှစ်သစ်ဆုမွန်ကောင်း

Tuesday, January 1, 2008


မင်္ဂလာနှစ်သစ်မှာ သူငယ်ချင်းအားလုံး ပျော်ရွင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဒီအသက်အရွယ်နဲ့ ဘ၀အကြောင်း မပြောချင်ပါဘူး..... သိပ်လည်း နားမလည်ပါဘူး..... ဒါပေမယ့် တကယ်ပဲ ဘ၀ဆိုတာ အကွေ့အကောက်များတယ်နော်။


တစ်နှစ်နဲ့တစ်နှစ် ငယ်တို့ အချိန်နာရီတွေကိုကျော်ပြီး ကြီးပြင်းလာကြတယ်......၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်......၊ အတွေ့အကြုံသစ်တွေကို လေ့လာသင်ယူခဲ့ရတယ်...... အများကြီးပါပဲ နှစ် တစ်နှစ်ဆိုတဲ့ အတိုင်းအတာတစ်ခုမှာ ငယ်တို့ရရှိလိုက်တာတွေ အများကြီးပါပဲ။


ဘ၀ဆိုတာ ရတောင့်ရခဲတယ်လို့ လူတွေက ပြောတတ်ကြပါတယ်..... ဒါပေမယ့် အဲဒီရခဲတဲ့ဘ၀ ပိုင်ဆိုင်ရပြန်တော့လည်း ကိုယ့်အတ္တနဲ့ကိုယ် လှုပ်ရှားရုန်းကန်ရပြန်ရော.......။ ဘယ်မှာလဲ မက်မောဖက် တွယ်ထားချင်စရာတွေ..... ဘယ်မှာလဲ ငြိမ်းချမ်းစွာခိုလုံဖို့နေရာ.....။


အချိန်နာရီတွေဟာ သူ့ဟာသူ မပြတ်စီးဆင်းနေတဲ့ မြစ်ချောင်းတွေလိုပါပဲ။ ငယ်တို့ကတော့ မြစ်ကမ်းနံဘေးက ကျောက်ဆောင်ကျောက်တုံး ကျောက်ခဲလုံးလေးတွေလိုပေါ့....။ ရေစီးကြောင်းအလိုက် လိုက်ပြီး မျောသွားတဲ့ ကျောက်တုံးလေးတွေ ပုံစံအမျိုးမျိုး ပြောင်းသွားတတ်သလို ရေစီး ဘယ်လောက် ကြမ်းကြမ်း ခိုင်ခိုင်မာမာ ရပ်တည်နေတဲ့ ဘ၀တွေလည်း ရှိတာပါပဲ....။


တစ်ခါတလေ လောကကြီးက မတရားဘူးလို့ အော်ပြောလိုက်ချင်ပေမယ့် ငိုယိုပြီးတော့ လောက ကြီးကို ဒူးထောက်အရှုံးမပေးနိုင်ပြန်ဘူး.....။ ရွေးချယ်စရာမရှိတဲ့ ဘ၀တွေကိုမှ ငယ်တို့က ပိုင်ဆိုင်ခွင့်ရခဲ့တာ ဆိုတော့ ကံကြမ္မာကိုပဲ အပြစ်ပုံလိုက်ရမလိုလို....... ဒါမှမဟုတ် ......... တစ်ခုခုပေါ့လေ......။


တစ်ခါတလေတော့ အသက်ရှင်နေရတာကို ပျော်တယ်လို့ ခံစားမိပေမယ့် အလိုမကျမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ မျက်ရည်တွေက အရမ်းလွယ်တာပဲ.......။ ခြေလှမ်းတွေနဲ့ အားမာန်တွေက ရှေ့ဆက်နေ ပေမယ့် တဖ၀ါးလေးမှ ရွေ့မသွားနိုင်တဲ့ အဖြစ်အပျက်တွေကို ဘယ်လိုများ ကောက်ချက်ချရမလဲ.......။


အခက်အခဲတွေနဲ့ ရင်ဆိုင်ရတိုင်း...... အချိုးအကွေ့တစ်ခုကိုရောက်တိုင်း..... အားမလျော့လိုက်ပါနဲ့ ချစ်သူငယ်ချင်းတို့ရေ...... ဒီထက် ကောင်းမွန်တဲ့၊ လက်ရှိအနေအထားထက် ပိုပြီး လှပတဲ့ အနာဂါတ်တစ်ခု၊ စာမျက်နှာတစ်ခုကို အဆင့်ကျော်ဖို့ ခြေလှမ်းအစလို့ပဲ ငယ်ကတော့ ယုံကြည်မိတယ်.....။


တိုတောင်းပေမယ့် အချိုးအကွေ့များတဲ့ဘ၀....၊ သက်ရှိသက်မဲ့ အရာဝတ္တုတွေ မရေမတွက် နိုင်အောင် ရှိနေပေမယ့် လိုအင်မပြည့်နိုင်တဲ့ဘ၀ ..... ဒီလို ဘ၀.... ဘ၀..... ဘ၀ လို့ပြောနေချိန်မှာပဲ ငယ်တို့တွေရဲ့သက်တမ်းက တစ်နှစ်တိုးသွားပြန်ပြီ။


ဒီလိုမျိုးပါပဲ.... နောက်နှစ်တွေ.... နောက်နှစ်တွေလည်း အများကြီး ငယ်တို့ ဖြတ်သန်းနေရပါဦးမယ် .... လောကကြီးက ငယ်တို့ကိုဖက်တွယ်ထားသရွေ့ပေါ့.....။ ဒါ့ကြောင့် အားလုံးပဲ နှစ်သစ်မှာ ပျော်ရွင်နိုင် ကြပါစေ.....။ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းနိုင်ကြပါစေ......။


1 comments:

မေပျို said...

ငယ်ရေ
ဘ၀ဆိုတာ ဒီလိုပါပဲ။ အခက်အခဲတွေကို ကျော်လွှားရင် ခံစားမှုပေါင်းစုံ ရလာရတာပါပဲ။ ပျော်တာပဲ ဖြစ်ဖြစ်၊ ၀မ်းနည်းတာပဲ ဖြစ်ဖြစ် တစ်ရက်တစ်ရက် ကုန်လွန်လာလိုက်တာ ဘ၀က တခါတလေ အဓိပ္ပာယ်မဲ့နေသလိုပဲ။ ဒါပေမယ့်လည်း လူဆိုမှတော့ မျှော်လင့်ချက်လေးနဲ့ နေရတာပေါ့လေ။ ဒီမျှော်လင့်ချက်တွေ ပြည့်ဝသွားတိုင်း သေမင်းတံခါးဝနဲ့ တဖြည်းဖြည်း နီးကပ်လာတယ်ဆိုတာတော့ လူတွေက မေ့ထားကြတာပါပဲ။ ပျော်ရွှင်စရာတွေ့တိုင်း ကြည်နူးရသလို ၀မ်းနည်းစရာတွေ့တိုင်းလည်း ငိုရှိုက်ရတာပါပဲ။ ဘ၀ဆိုတာ ပုံစံခွက်များ ဖြစ်နေသလားလို့ ထင်မှတ်ရတယ်။ ဘာလိုလိုနဲ့ ငယ်ရေ နှစ်သစ်ရောက်ပီဆိုတော့ သဲတို့လည်း အသက်တစ်နှစ်ကြီးလာတာပါပဲ။ တနည်းအားဖြင့် သေဖို့လည်း တနှစ်နီးလာတာပါပဲ။ ဒါပေမယ့် မသေခင်အထိတော့ လူလောကကောင်းကျိုးကို တတ်နိုင်သမျှ သယ်ပိုးခြင်းနဲ့ပဲ အကျိုးရှိအောင် နေရမယ်ထင်တယ်။

ခင်တဲ့
သဲ