Independent Day Open Letter by SCMM

Friday, January 4, 2008



ပြည်ထောင်စု လွတ်မြောက်ရေးအတွက် အိတ်ဖွင့်ပေးစာ


ရက်စွဲ- ဇန်န၀ါရီလ၊ ၄ရက်၊ ၂၀၀၈

(လွတ်လပ်ရေးနေ့)


ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် န.အ.ဖ ခေါင်းဆောင်များခင်ဗျား၊


ဦးစွာပြောကြားလိုသည်မှာ ကျွနိုပ်တို့အနေဖြင့် တမျိုးသားလုံး၏ လက်ငင်းနှင့် ရေရှည်အကျိုးစီးပွား ကို ရှေးရှု၍ ပြည်ထောင်စုကို ချစ်မြတ်နိုးသောစိတ်၊ လူသားတဦးချင်းစီ၏ လွတ်လပ်ခွင့်နှင့် ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားသော ရပ်တည်ချက်များဖြင့် ဤစာကို ပေးပို့ရခြင်း ဖြစ်ပါသည်။


ကိုလိုနီကျွန်ဘ၀မှ လွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း(၆၀)ရှိပြီဖြစ်သော်လည်း နိုင်ငံသူ၊ နိုင်ငံသားများ အနေဖြင့် လွတ်လပ်ရေး၏ အရသာကို တင်းပြည့်၊ ကျပ်ပြည့် မခံစားရဘဲ၊ ပြည်တွင်း စစ်ဒဏ်နှင့် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်း စသည့် လောကပါလတရားများ ချို့တဲ့သည့်ဝေဒနာကို အလူးအလဲ ခံစားနေ ကြရဆဲဖြစ်ပြီး ဆင်းရဲဒုက္ခအပေါင်းမှ ယနေ့တိုင် မလွတ်မြောက်နိုင်သေးပေ။ ထို့အပြင် မြန်မာနိုင်ငံ၏ ပြဿနာမှာ နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများအကြားတွင် ခေါင်းခဲစရာ ပုစ္ဆာတပုဒ် ဖြစ်နေ ခြင်းမှာလည်း တိုင်းပြည်အတွက် အလွန်ရှက်စရာကောင်းလှပါသည်။


ယနေ့ ပြည်ထောင်စုတမျိုးသားလုံး ရင်ဆိုင်ကြုံတွေ့နေကြရသည့် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး စသည့် ဘက်ပေါင်းစုံ အထွေထွေအကျပ်အတည်းများမှ လွတ်မြောက်ပြီး ငြိမ်းချမ်းသာယာသော လူ့ဘောင် တရပ် တည်ဆောက်နိုင်ရေးအတွက် အမျိုးသားညီညွှတ်ရေးမှာ အထူးပင် အရေးကြီးလှပါသည်။ ထိုသို့ တမျိုးသားလုံး ရင်ကြားစေ့နိုင်ရေးအတွက် န.အ.ဖ ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သော ဒီမိုကရေစီအင်အားစုများ အပါအ၀င် တိုင်းရင်းသားလူမျုးပေါင်းစုံ ခေါင်းဆောင်များအားလုံး လွတ်လပ်ပွင့်လင်းစွာ၊ ချစ်ကြည်ရင်းနှီးစွာဖြင့် တန်းတူရည်တူ ၀ိုင်းဝန်းဆွေးနွေး၍ အဖြေရှာကြသော နည်းလမ်းမှတပါး၊ အခြားနည်းလမ်း မမြင်ပါ။


စစ်မှန်သော တွေ့ဆုံဆွေးနွေးပွဲများအား တရက်စော၍ ကျင်းပနိုင်လျှင် တိုင်းပြည်အတွက် တရက်ပို၍ အကျိုးဖြစ်ထွန်းနိုင်သကဲ့သလို့ တရက်နောက်ကျလျှင်၊ တရက်နောက်ကျသလောက် နစ်နာဆုံးရှုံး မှုများ ရှိစေနိုင်ပါသည်။ သို့ပါ၍ အဓိပ္ပယ်ပြည့်ဝပြီး အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးပွဲများ၊ အမြန်ဆုံး အကောင်အထည်ပေါ်လာစေရေးအတွက် ကျွန်ုပ်တို့အနေဖြင့် အပြုသဘောဆောင်သော စိတ်ထားများ၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် လက်တွဲကြိုးပမ်းသွားရန် အထူးလိုလားလျှက်ရှိပါသည်။


ပြီးခဲ့သည့် အတိတ်ဒဏ်ရာများအား သမိုင်းသင်ခန်းစာများအဖြစ် ပြည်ဖုံးကားချခဲ့ပြီး သင်တို့၊ ကျွန်ုပ် တို့အားလုံး၏ ယနေ့နှင့် မနက်ဖြန်များစွာအတွက်ကိုသာ အမျက်အညှိုးမထားဘဲ ချစ်သောမျက်စိဖြင့် ကြည့်ကြ မြင်ကြနိုင်ရေးသည် အသက်တမျှ အရေးကြီးနေပါပြီ။ ထိုသို့မဟုတ်ဘဲ တင်းမာရေးလမ်းကြောင်း ပေါ်တွင် တဖက်နှင့်တဖက် ကျောခိုင်းပြီး မျဉ်းပြိုင်ရွှေ့လျားနေကြဦးမည်ဆိုပါက တိုင်းပြည်၏ လူမှုစီးပွား ဒုက္ခ အ၀၀မှ ကုစားဖို့ရန် ဆေးမှီနိုင်တော့မည်မဟုတ်ပါ။ နောက်ဆက်တွဲအနေဖြင့် လူထု၏ ဒုက္ခပင်လယ်ဝေမှုနှင့် မွန်းကျပ်ပိတ်လှောင်နေမှုများက အုံကြွမှုများနှင့် သွေးထွက်သံယိုဖြစ်မှုများဆီသို့ မရှောင်နိုင်၊ မတိမ်းနိုင်တော့ ဘဲ ၀င်ရောက်တိုးတိုက်မိလိမ့်ဦးမည် ဆိုသည်မှာ သံသယဖြစ်စရာမရှိပါ။


သို့ဖြစ်သောကြောင့် န.အ.ဖ ခေါင်းဆောင်များအနေဖြင့် ပြည်ထောင်စုအကျိုးကို မျှော်ကိုးပြီး ပြည်ထောင်စုသားအားလုံး စိတ်နှလုံးရွှင်ပြုံးနိုင်ရေးအတွက် ထင်သာမြင်သာသော တိုးတက်ပြောင်းလဲမှု တရပ်အဖြစ် ဖမ်းဆီးထိန်းသိမ်းခံနေကြရသော ရဟန်းသံဃာတော်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ကျောင်းသားလူငယ်များ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးအား ချွင်းချက် မထားဘဲ ယနေ့ ဇန်န၀ါရီလ (၄)ရက် (လွတ်လပ်ရေးနေ့)မှစတင်၍ ဖေဖေါ်ဝါရီလ (၁၂)ရက် (ပြည်ထောင်စု နေ့) နောက်ဆုံးထားပြီး ပြည်လည်လွှတ်ပေးပါရန်နှင့် စစ်မှန်သောတွေ့ဆုံဆွေးနွေးပွဲများအား အချိန်မဆိုင်းဘဲ အမြန်ဆုံး စတင်ပါရန် လေးနက်တည်ကြည်စွာ ပန်ကြားအပ်ပါသည်။


လူထု လှုပ်ရှားမှု ကြီးကြပ်ရေး ကော်မတီ

0 comments: