ထာဝရအလွမ်းနွံ

Tuesday, August 12, 2008


ဆက်ကျော်သက်ရင်ခုန်ခြင်း

နုပျိုလတ်ဆတ်မှုတွေပျောက်ရှ

အလွမ်းနွံနစ်နေခဲ့တာ ကြာခဲ့ပြီ။


မင်းပုံရိပ်တွေတောင်

ငါ့မျက်ဝန်းမှာ မပီဝိုးတ၀ါးသာကျန်တော့တယ်

လွမ်းတယ်လို့ပြောဖို့ကိုတောင်

ငါ့မှာခွန်အားမရှိတော့ဘူး….. ချစ်သူ


တချိန်ကမင်းပြောခဲ့တဲ့စကား

မင်းရဲ့ကတိတွေကြားမှာ

ငါဟာ မိုးမမြင်လေမမြင်ဖြစ်ခဲ့တယ်

အတိတ်ကို မမေ့ချင်သေးပေမယ့်

အနာဂါတ်တွေအတွက် ငါစိုးရိမ်မိတယ်…. ချစ်သူ


တွေ့ဆုံခြင်း…. ခွဲခွာခြင်းဆိုတာ

မင်းအတွက်တော့ အမှတ်တမဲ့တွေများလား…. ချစ်သူရယ်

ငါ့မှာတော့ ထာဝရအတွက်ဖြစ်တည်ခဲ့တယ်။


ချစ်စိတ်

သူ့အသံဝဲ၀ဲလေးတွေကြားမှာ

ငါအိပ်မောကျခဲ့ဖူးတယ်။


သူ့အပြောပြတ်ပြတ်တွေအောက်မှာလဲ

ငါ့နှုတ်ခမ်းဖျားတွေ ဆွံ့အခဲ့ဖူးတယ်။


သူ့ဓါတ်ပုံမပီမပြင်ကိုကြည့်ပြီးတော့လည်း

ငါရူးသွပ်ခဲ့ဖူးတယ်။


သူ့အကြည့်စိမ်းစိမ်းတွေအောက်မှာ

ရင်ဘတ်တစ်ခုလုံးပြောင်းဆန်သွားခဲ့ရတာချည်းပါပဲ။


စကားလုံးတွေ စိတ်ကူးနှင့်တန်းစီထားပေမယ့်

စိတ်ကူးက စိတ်ကူးပါပဲ

သူ့အရှေ့မှာ ဆွံ့အလို့

ငါဟာ အလိုလိုနေရင်း ရှုံးနိမ့်ခဲ့ပြန်ပါပြီ။



အချိန်တွေ ရင့်ကျက်လာတယ်

Saturday, August 9, 2008


ရှိုက်သံတွေပျံ့လွင့်

မျက်ရည်မိုးတွေရွာသွန်း

သွေးစည်းချောင်းတွေ မရပ်တံ့သေးဘူး။


ဒို့အရေး…. ဒို့အရေး ရင်ကွဲသံတွေဆူညံ

ကမ္ဘာကိုတောင် တုန်လှုပ်စေတယ်

၈၈ရဲ့ဝိဉာဉ်တွေ မကျွတ်သေးဘူး။


နှစ်(၂၀)တိုင်ခဲ့ပြီ

အချိန်တွေရင့်ကျက်လာတယ်

အသက်တွေလည်း ကြီးလာတယ်

ကံဆိုးချင်တော့

အတွေးတွေက ကြီးစိုးလို့ကောင်းနေတုန်း။


နှာခေါင်းပိတ်နားပိတ်

အိပ်နေသူများအိပ်ပျော်နေကြ

အဆော့မက်သူများ

ရန်ဖြစ်တမ်းကစားလို့ကောင်းနေတုန်း


ရုတ်တရက်

မေးခွန်းတစ်ခုထွက်လာ

“၈၈” ရဲ့စိတ်ဓါတ်ကဘာလဲ

ကဲ…. သင်ကော ဘယ်လိုထင်သလဲ ဖြေကြည့်ပါ။



ရေငတ်ပန်း

Friday, August 8, 2008



နူးညံ့တဲ့မိဘရင်ခွင်ပျောက်တော့

မျက်ခင်းတွေက ငါ့ရဲ့မွေ့ရာ

ကမူသစ်တုံးတွေက ငါ့ရဲ့ခေါင်းအုံးပေါ့

ကောင်းကင်ညိုညိုတွေအောက် ငါအိပ်ခဲ့ရတယ်။



အိမ်မက်တွေအကျဉ်းချခံရတော့

မျက်ရည်တွေနဲ့ ငါမျက်နှာသစ်ခဲ့ဖူးတယ်

ရေတခွက်နဲ့ ညစာစားခဲ့ဖူးတယ်

မနက်ဖြန်ဆိုတာကိုတောင် ငါမေ့ထားခဲ့ရသေးတယ်။



နှလုံးသားတွေ အခိုးခံရပြန်တော့

မိုးတွေရွာလည်း ငါမသိဘူး

နေတွေပူလည်း ငါဂရုမစိုက်နိုင်ဘူး

ခိုလုံရာတစ်ခုအတွက် ငါပြေးနေရတုန်းပဲ။



အိမ်ဆိုတာတောင်မရှိခဲ့တဲ့ ငါ့မှာ

သူငယ်ချင်းဆိုတာလည်းမရှိ

ကစားစရာအရုပ်ဆိုတာလည်း ငါ့မှာနတ္တိ

ငါ့ရဲ့ကစားကွင်းက ဗုံးခိုကျင်းတွေဖြစ်ခဲ့ရတယ်။



ကလေးတစ်ယောက်ရဲ့အိမ်မက်

ဘောင်တွေနဲ့လှောင်ပိတ်

ရက်စွဲတွေကို အတင်းမေ့ထားခဲ့ရ

လိုချင်တပ်မက်မှုတွေကို ချိုးနှိမ်ခဲ့ရလို့

အတ္တနဲ့ကမ်းတဲ့ ရင်ငွေ့တောင်

ငါ့ရဲ့ကမ္ဘာထင်မိတယ်။



လေပြေအသုတ်မှာ ရေချိုတစ်ပေါက် မခခဲ့ရတဲ့ရေငတ်ပန်းပေမယ့်

မြေကြီးမနမ်း ကောင်းကင်ဖက်လှမ်းတဲ့ ဇာနည်သွေးမို့

မနွမ်းမခြောက် ဆူးမကြောက်ပဲ ဆူးနွယ်ပန်းလို

ကောင်းကင်ကိုတက် ကြယ်တွေနဲ့ အလှပြိုင်ဖို့

ရဲရဲသာပွင့်နေသေးတယ်။