သာမန်ရက်စွဲတစ်ခုမှာ ဘ၀ခြားခဲ့ပြီ

Thursday, March 20, 2008


မတ်လ (၉)ရက်နေ့
အဲဒီမနက်မှာပေါ့
မိုးတွေရွာလား….. နေတွေပူလား ငါမသိခဲ့ဘူး။
ဒါပေမယ့်
ငါ့မှာတော့ မျက်ရည်မိုးတွေဝေ
နောင်တတွေ တနင့်တပိုးနဲ့
ငါ့ရဲ့အိမ်မက်တစ်ခု ကွဲကြေသွားတယ်……..။

“…. ညီမလေးဆုံးပြီတဲ့…..”
မယုံကြည်နိုင်ခြင်းများစွာနဲ့
တိတ်တဆိတ်ကြေကွဲမှုတွေ ကြီးစိုး
ငိုရှိုက်သံတွေ ခုန်ခုန်ထွက်လာတာ
ငှက်ကလေးတွေတောင် နံနက်ခင်းတေးဆိုဖို့ကို မေ့သွားတယ်
တောပန်းတွေလည်း ဆွတ်ဆွတ်ကျင်ကျင် ကြေကွဲလို့
ငါ့ရဲ့ကမ္ဘာတစ်ခု ပြိုပျက်သွားခဲ့ပြီ…..။

ကြယ်ပွင့်ကလေးတွေတောင် အစိုးမရ
ဘ၀ဆိုတဲ့ အချိန်ဇယားဟာလည်း ငါတို့လက်ထဲမှာမရှိ
ရွက်ကျပင်ပေါက်လို ဒုက္ခသည်ငါတို့ဘ၀တွေဟာလည်း ပိုပြီးအစိုးမရပြန်ဘူး။
ဒီလိုနဲ့ပဲ
သေမင်းတမန်လက်နက်တွေကြား
တစ်ချက်ကလေးမှ သူမညည်း အပြုံးမပျက်ထွက်ခွာသွားတာ
ရက်စက်လိုက်တာ ကံကြမ္မာရယ်လို့
မြည်တမ်းနေရုံကလွဲပြီး ငါ ဘာမှမတတ်နိုင်ခဲ့ဘူး……။
ငါ့ကိုနှုတ်ဆက်ဖို့တောင် မစောင့်နိုင်တဲ့သူ့ခြေလှမ်းတွေ
အနေဝေးပြီး အလာနောက်ကျတဲ့ငါ့မှာတော့
နောင်တတွေတနင့်တပိုး ၀မ်းနည်းမျက်ရည်တွေလည်းပြိုပျက်ကျ
သူ့အပြုံးတွေကို သတိရမိပြန်တော့
ခွန်အားတွေမဲ့ မချိမဆန့် ငါရင်ကွဲမတတ်ခံစားရပြန်တယ်
ခွင့်လွတ်ပါ ညီမလေး….. လို့ ငါတောင်းပန်နေခဲ့ရုံကလွဲလို့
ငါသူ့အရှေ့မှာငိုဖို့ကိုတောင် ရှက်မိတယ်………။

ညီမလေးရေ………
တစ်ခါတလေ အမှန်တရားတွေက လူကိုရူးသွပ်စေတယ်
သာမန်ရက်စွဲတစ်ခုမှာ ငါတို့ဘ၀တွေခြားခဲ့ပြီပဲ။
ကြိုလည်းမသိနိုင်….. ရှောင်လို့လည်းမသွားနိုင်တဲ့ ဒီခရီးလမ်းမှာ
မင်းကိုဆုံးရှုံးလိုက်ရတဲ့ ဒီရင်ခွင်ကတော့
ဘယ်ဘ၀ရောက်ရောက် မင်းပျော်ရွှင်နိုင်ပါစေလို့
ဆုတောင်းမေတ္တာပို့လိုက်ပါတယ်…….။
နောက်ဆုံးတော့လည်း ငါ ဒါပဲပြောနိုင်တယ်…….. ညီမလေးရေ။

1 comments:

phoethutaw said...

ငယ် ကဗျာလေးကို စိတ်မကောင်းစွာနဲ့ ဖတ်သွားပါတယ်