တုနှိုင်းမမီ(ဆရာတင်မိုး)

Tuesday, November 27, 2007


တချိန်တုန်းက

“သခင်မျိုးဟေ့ - ဒို့ဗမာ” တဲ့

စစ်ကြီးပြီးစ လွတ်လပ်ရေးမရခင်

‘သေရဲတာ အလံနီ‘ တဲ့

၈၈-ခု၊ လူထုတိုက်ပွဲ

အသံစဲသွားပြီး နောက်ပိုင်း

‘ကြောက်ရဲတာ ဒို့ဗမာ‘လို့

လှောင်စရာ ဖြစ်ခဲ့ပြီ။

ကြောက်တတ် မြှောက်တတ်

ဒူးတုပ်ရိုကျိုး၊ ရှိခိုးတတ်တဲ့

ကပ်စားရပ်စား၊ အနပ်အပါးပြုတတ်တဲ့

လူထုကိုဆန့်ကျင်၊ အာဏာရှင်ကိုရှစ်ခိုး

အရိုးအရင်းစားဖို့

သွားရည်တမြားမြား ကျတတ်တဲ့

မမြတ်သောအကျင့်၊ အမြင့်သောအကြံ

မမှန်သောလုပ်ရပ်တွေနဲ့

လုပ်ဇာတ်တွေခင်းတတ်တဲ့

သိမ်ဖျင်းတဲ့ဗမာ

အဲဒီစာရင်းထဲ မင်းပါသလား။

မင်းပါခဲ့ရင်

ဗမာလူမျိုး မဟုတ်

မြန်မာလူမျိုး မဟုတ်

မမာ လူမျိုးယုတ် ဖြစ်ခဲ့ပြီ။

အကျိုးရှိမရှိ မင်းမကြည့်

သခင် ကြိုက်မကြိုက် အလိုလိုက်

အချောင်နှိုက်ချင်တဲ့ မင်းစိတ်ဓါတ်

ယုတ်မာတဲ့ မင်းလုပ်ရပ်

မင့် အထ္တုပွတ္တိဟာ

သေနတ်နဲ့ဓား ဦးစားပေး

အမြတ်နဲ့တရားကို ဦးစားမပေးတဲ့

ခွေးမျိုး ဖြစ်ခဲ့ပြီ။

လူစင်စစ်က ခွေးဖြစ်ရတဲ့

ဘ၀နုံချာ ဒို့ဗမာ

ရာဇ၀င်သမိုင်း ရိုင်းချင်တိုင်းရိုင်း

လူ့တိုင်းပြည်မှာ

တုနှိုင်းမမီ ပါလားကွယ်။



ဒီကဗျာက ဆရာတင်မိုးရဲ့ ကဗျာတွေထဲက တစ်ပုဒ်ပါ။ အားလုံးနဲ့ဝေမျှချင်လို့ ကူးပြီး တင်ပေးလိုက်ပါတယ်။


0 comments: