ပဲ့တင်ထပ်ရင်ခုန်သံ

Thursday, November 15, 2007

ငယ်ဆူးအိမ်


ပဲ့တင်ထပ်ရင်ခုန်သံ

မျက်နှာများတဲ့ ကံကြမ္မာရဲ့မာယာတွေကြောင့်

မမျှော်လင့်ပဲ ဖေဖေနဲ့ဝေးခဲ့ရတဲ့

အိမ်မက်ဆန်သော နေ့ရက်တွေထဲ

တိတ်တိတ်ကလေး ဖေဖေ့ကိုလွမ်းစိတ်နဲ့ မျှော်လင့်နေမိတယ် ...

နွေးထွေးယုယ ဖေဖေ့ရင်ခွင်

အကြင်နာတွေကို လိုချင်တောင့်တမိတယ် ...

ပြောင်းလဲမြန်သော နေ့ရက်တွေထဲ

ဆုတောင်းတိုင်းလည်း မပြည့်တတ်ကြတော့

ဆုံဆည်းပါရစေလို့ စိတ်ထဲက ဆုတောင်းမိပေမယ့်

ဆုတောင်းရုံကလွဲပြီး မလွန်ဆန်နိုင်သော ကံတရားကြောင့်

အထီးကျန်သည့် နေ့ရက်တွေထဲ

မျှော်လင့်ခြင်းတွေနဲ့ ဖေဖေ့ကို လွမ်းနေဆဲပါပဲ ...

နှစ်လရက်တို့ အလီလီပြောင်းလဲ

ယခင်ဆန္ဒ ယနေ့ထိတိုင်

မြူတမှုံမျှမလျော့ ပင်တမာလိုမခါး

ပြောင်းလဲခြင်းမရှိ ဖေဖေ့ကိုချစ်နေဆဲပါပဲ ...

အစားထိုးဝင်ရောက်လာသူရှိသော်လည်း

နှလုံးသားကလက်မခံ အမုန်းများသာပွားခဲ့

အသိစိတ်နဲ့ထိန်းချုပ်တော့ ရင်မှာကြေလို့မွ

ဘာနဲ့မှ အစားထိုးလို့မရဘူး ဖေဖေ ...

ဖေဖေရယ်လို့

တမ်းတမ်းတတ ခေါ်ချင်ပေမယ့်

အနေဝေးတဲ့ သမီးအတွက်တော့ ဆန္ဒတစ်ခုပဲပေါ့ ...

ဒီနေ့၊ ဒီအချိန်၊ ဒီအရွယ်ထိ

ဖေဖေချစ်တဲ့သမီး

အရှုံးတွေကိုသာ ကံတရားကပေးနေတယ် ...

ဟန်ဆောင်မှုတွေများတဲ့ ဒီလောကကြီးထဲ

လူတွေကိုကြောက်ရွံ့ပြီး လွင့်ချင်ရာလွင့်နေတဲ့စိတ်

ပွန်းပဲ့နေတဲ့ နှလုံးသားတစ်စုံနှင့်

ဒုက္ခတွေမိုးမိတိုင်း... စိတ်ဓါတ်တွေအကျဉ်းချခံရတိုင်း

အိမ်မက်ဟောင်းတွေသာ ထပ်ခါထပ်ခါမက်လို့

ဖေဖေ့ကိုလွမ်းလိုက်တာ ဖေဖေရယ် ... ။


<ငယ်ဆူးအိမ်>