ကျမရဲ့လက်ဆောင်

Wednesday, February 13, 2008


ကျမချစ်သူကို ကျမအရမ်းချစ်တဲ့အကြောင်း စာဖွဲ့ပြီးတော့ရေးဖို့မလိုပေမယ့် ကျမရဲ့ခံစားချက်လေးတွေကို ဝေမျှချင်တယ်။ ချစ်သူများနေ့လို့ အများသတ်မှတ်ကြတဲ့ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ...... ချစ်သူတွေ အတွက် တကယ်ကို ရင်ခုန်စကားကောင်းပါတယ်။ ဘယ်တုန်းကမှ ဒီရက်ဟာ ရင်ခုန်စကားကောင်းတယ်လို့ ကျမ မထင်ခဲ့သလို ကျမနဲ့သက်ဆိုင်တယ်လို့လည်း မခံစားခဲ့ရဖူးပါဘူး။ ဒါပေမယ့် အခုတော့ ကျမရင်ထဲမှာ ကျမချစ်ရတဲ့သူရှိနေလေတော့ ဒီရက်ကို အမှတ်တမဲ့မဟုတ်ဘဲ အမှတ်တရလေးတွေနဲ့ ကျမကျော်ဖြတ်သွား ချင်တယ်။


နှစ်တွေ တစ်နှစ်ပြီးတစ်နှစ်၊ ဖေဖော်ဝါရီလတွေလည်း တစ်လပြီးတစ်လ၊ ရက်တွေလည်း တစ်ရက်ပြီးတစ်ရက် ပြောင်းလာခဲ့တာ အခုမှတော့မဟုတ်ပါဘူး။ ဘာမှမထူးခြားတဲ့ရက်တွေကို အမှတ်တမဲ့ကျော်ဖြတ်နေခဲ့မိတာ လည်း ဒီနေ့အထိပါပဲ။ ဖေဖော်ဝါရီ (၁၄) ချစ်သူများနေ့ဟာလည်း ကျမအတွက် ဘာမှမထူးခြားတဲ့ နေ့တစ်နေ့ လည်း ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ တကယ်ကိုပဲ ကျမ ရင်ခုန်မိတယ်။ ဒီရက်လေးမှာ အမှတ်တရလေးဖြစ်စေချင်တဲ့ ကျမရဲ့ဆန္ဒကလည်း ကျမကို တော်တော်အတွေးရှုပ်စေပါတယ်။ ဘယ်တုန်း ကမှ ကျမအလေးအနက် မထားခဲ့ဖူးဘူးလေ........။


ချစ်သူကို ကျမမေးတယ်...... “ကို ..... ချစ်သူများနေ့ အမှတ်တရအနေနဲ့ ဘာလိုချင်လဲဟင်.....” .. အား.. တော်တော် တုံးတဲ့ကျမ။ ဘာဖြစ်လို့များ သွားပြောမိပါလိမ့်။ အမှန်မှန်ဆို ချစ်သူမသိအောင် တိတ်တိတ်လေး လျှို့ဝှက်စီစဉ်ပြီးမှ ချစ်သူပျော်သွားမယ့်မျက်နှာကို ရင်ခုန်စွာ အဲဒီနေ့ကို စောင့်မျှော်နေရမှာ...... သွားပါပြီ .... ကျမရဲ့ အစီအစဉ်တွေ သူရိပ်မိသွားလောက်ပါပြီ.... သူ ဒီရက်ကို မသိဘူး၊ ဒါမှမဟုတ် မေ့နေတယ်ဆိုရင် ဒါဟာ ကျမ သူ့ကိုသွားပြီးသတိပေးလိုက်သလိုပါပဲ။ ကျမရဲ့စိတ်ကို လှမ်းပြီးမြင်နိုင်တဲ့ ကျမရဲ့ချစ်သူ၊ ကျမရဲ့ စိတ်တွေကို ငိုအောင်... ရယ်အောင် အမိန့်ပေးနိုင်တဲ့သူ..... ဒီတစ်ကြိမ်လည်း ကျမကပဲ နူးနူးညံ့ညံ့လေး ရှုံးနိမ့်သွားပြန်တယ်....။ မဟုတ်ပါဘူး ကျမက အရှုံးပေးလိုက်တာပါ.........။


ချစ်သူက ကျမကို ပြန်ဖြေတယ် ...... “ ကိုယ်... တကယ်လိုချင်တာ ငယ်မသိဘူးလား....။ ကိုယ် ငယ့်ကို အကြီးကြီးချစ်တယ်..... အမြဲတမ်းပဲ ချစ်သွားချင်တယ်။ ကိုယ့်အနားမှာ နေပေးပါလား ငယ်.... ကိုယ့်ကို အမြဲ ချစ်ခွင့်ပေးပါလား... ငယ့်ကို အမြဲတမ်း ချစ်သွားချင်တယ်” တဲ့ ......။ အို...... ကျမရဲ့အသဲတွေ ခဏလေး အတွင်းမှာ အရည်ပျော်သွားခဲ့ပြီ ထင်တယ်။ ကျမ ဘာပြန်ပြောရမလဲ.... တခုခုတော့ ကျမပြန်ပြောသင့် တယ်...“ငယ်က အရမ်းစကားတတ်တာပဲ”လို့ သူအမြဲပြောတတ်တယ်... ဒါပေမယ့် ဒီတစ်ခါတော့ သူ့ရဲ့ ထင်မြင်ချက်က မှားသွားပြီပေါ့။


ကျမ လုံးဝကိုမမျှော်လင့်ခဲ့မိပါဘူး....။ သူ့ဆီမှာ ဒီလောက်ညှင်သာတဲ့ စကားလုံးတွေရှိနေလိမ့်မယ်လို့ ကျမ မထင်ခဲ့ဘူး....။ သူ့ဆီမှာ ဒီလိုညှင်သာတဲ့ စကားလုံးတွေ အတွေးတွေထဲမှာတောင် ရှိရော.... ရှိပါ့မလားလို့ ကျမ အကြိမ်ကြိမ် သံသယ၀င်ခဲ့မိတာ......။ ဒါ့ကြောင့်ပဲ ထင်ပါတယ်။ သူ ကျမကို အကြိမ်ကြိမ် ၀မ်းနည်းစွာ... ဒါမှမဟုတ် နားမလည်စွာ ပြောတတ်တယ်......။ “ကိုယ်ချစ်တာ ငယ်သိအောင် ကိုယ်ဘယ်လိုလုပ်ပြမှ ယုံမှာလဲ .... ကိုယ်ချစ်တာ ငယ် မခံစားမိဘူးလား”တဲ့။ တကယ်ပါပဲ..... ဒါဟာ ကျမရဲ့ညံ့ဖျင်းမှုလား ..... မဖြစ်နိုင်ပါဘူး.... ချစ်သူ ချစ်ဖို့ ကျမအမြဲမျှော်လင့်နေခဲ့မိတာ.....ဒါဟာ ..... အမှန်တွေပါပဲ။


ကျမရင်ထဲမှာ မြစ်တစ်စင်း စီးစင်းသွားတယ်.... ပြီးတော့ ရေစီးသံတွေနဲ့အတူ သံစဉ်တစ်ပုဒ် ထွက်ပေါ်လာ တယ်။ အချစ်သီချင်းတစ်ပုဒ်.... ကျမရင်ထဲက သီချင်းတစ်ပုဒ်.... ချစ်သူအတွက် ပထမဦးဆုံးအကြိမ် ထွက်ပေါ်လာတဲ့ ရင်ခုန်သံ။

“ ကိုရယ်... ငယ်ကတိပေးပါတယ်.... ကို့ကိုပဲ ငယ်ချစ်တာ.... ကို့အနားမှာ ငယ်အမြဲတမ်း ရှိနေပေးမှာပေါ့။ ”


ကျမရဲ့ရင်ဘတ်ထဲက နှလုံးသားတစ်စုံ ချစ်သူကိုအပိုင်ပေးလိုက်တာ ချစ်သူများနေ့အတွက် ချစ်သူကိုပေးတဲ့ ကျမရဲ့လက်ဆောင်ပါ......။ ♥♥♥♥


ချစ်တတ်သူတိုင်း ချစ်သူများနေ့မှာ ပျော်ရွှင်နိုင်ကြပါစေ.....


0 comments: