ညီမလေး

Friday, March 21, 2008







“အငယ်ဆုံး….. အချောဆုံး…… အလိမ္မာဆုံး….. အတော်ဆုံး” စတဲ့ အဆုံးတွေနဲ့ပဲအဆုံးသတ်တဲ့ ကျမရဲ့ညီမထွေးလေး …….. ဂျူးလီယက်ရွှေ (ခ) ဖောဘလုမူး….. မမျှော်လင့်တဲ့ မတ်လ(၉)ရက်၊ ၂၀၀၈ ခုနှစ် သာမန်ရက်စွဲ တစ်ခုမှာ ဒီလောကကြီးထဲကနေ သူတိတ်တဆိတ်ထွက်ခွာသွားခဲ့ပြီ။ သူ အားလုံးကို နှုတ်ဆက်ဖို့တောင် အချိန်မရ …. ပြန်လာခဲ့ပါ တွေ့ချင်တယ် အမရယ်လို့ အနေဝေးတဲ့ကျမကို တစ်ခွန်းလေးတောင် မတောင်း ဆိုခဲ့ဘူး …. နှုတ်ဆက်ချိန်လည်း မတန်သေးသလို သူစောစောစီးစီး ကျမတို့ကို ထားခဲ့မယ်လို့လည်း ဘယ်သူ ကများ ထင်မှာလဲ… မမျှော်လင့်ခဲ့ပါဘူး။

နေ့ရောညရော ညီမလေးကိုအရိပ်တကြည့်ကြည့် ဂရုစိုက်ပေးခဲ့တဲ့ အမေ့ကို ကျမ သနားတယ်။ ညီမလေးကို သမီးရင်းတစ်ယောက်လို သိပ်ချစ်တဲ့ အဖိုးနဲ့ ဒုတိယအဖေရဲ့မျက်ရည်တွေကိုမြင်ရတော့ ကျမစာနာမိတယ်။ ညီမလေးနဲ့အတူ သွားဖော်၊ စားဖော်၊ ကစားဖော် အနားမှာရှိနေပေးတဲ့ ကျမရဲ့ညီမလေးတွေအတွက်လည်း ကျမ ၀မ်းနည်းတယ်။ ကျမမှာတော့ တကယ့်ကိုနှမျောတသခြင်း၊ ညီမလေးကို ဂရုမစိုက်လိုက်ရခြင်းဆိုတဲ့ နောင်တတွေနဲ့ တိုးတိုးတိတ်တိတ် ရှက်စိတ်တွေနဲ့ကြေကွဲလို့ပေါ့။

(၁၅)နှစ်တောင် မပြည့်သေးတဲ့ ညီမလေးတို့အရွယ်ဟာ တကယ့်ကိုပွင့်သစ်စလေးပါ။ ကောင်းကင်က ဓူဝံကြယ်ကို ခူးဆွတ်ချင်တယ်ဆိုရင်တောင်မှ ကြွေကျလာမယ့် အရွယ်တွေပေါ့။ ဒါပေမယ့်လည်း ဒီနွေမှာ ရေတိမ်နစ်ခဲ့ရပြီ။ နာကျင်မှုတွေကြားမှာ သူအပြုံးမပျက်နေပေးခဲ့တာကိုက ငါ့အတွက် နင့်နင့်သီးသီး အနာကျင်မိဆုံးပဲ။ ဖြစ်နိုင်မယ်ဆိုရင်လေ နေရာခြင်းသာ လဲပေးလိုက်ချင်တယ် ညီမလေးရယ်။

9 comments:

Anonymous said...

ညီမလေးရေ... ညီမလေး မိသားစုနဲ့ ထပ်တူ ၀မ်းနည်း ကြေကွဲရပါတယ်ဗျာ...

ရွှန်းမီ said...

ဒီကို ခုမှ ရောက်ဖူးတယ်.. စာတွေဖတ်ရတာ စိတ်ထဲ မကောင်းပါဘူး ...
ဒီလိုပဲ လောကထဲမှာ သူ့အလှည့်ပြီးရင် တစ်ချိန်ချိန်ကိုယ်လဲ ခွဲခွာရမှာ ဆိုတော့..
" ညီမလေး ရှိခဲ့ခြင်းနဲ့ ညီမလေးကို ချစ်ခဲ့ရခြင်းတွေကိုသာ ဘ၀မှာ တန်ဖိုးရှိတဲ့ အမှတ်တရတွေအဖြစ် ထိန်းသိမ်းမျှဝေရင်း ဘ၀ကို ဆက်ရင်ဆိုင်ပါ " လို့ . . .
သူ့စိတ်ထဲ အဲဒီလို ပြောချင်နေမယ် လို့ ခံစားမိတယ်..

Anonymous said...

မငယ်ဆူးအိမ် ရေစိတ်မကောင်းမဖြစ်ပါနဲ့ဗျာ။ လူဆိုတာကတော့သေမျိုးကြီးပါပဲ။ ကျွန်တော်ဒီလိုပြောလို့ကိုယ်ချင်းမစာတတ်ဘူးလို့မထင်ပါနဲ့ဗျာ
အစ်မဘယ်လောက်ခံစားနေရမယ်ဆိုတာသိပါတယ်။ အစ်မသူကိုကောင်းစေချင်ရင် သူအတွက်ဆုတောင်းပေးပေါ့ဗျာ ကုသိုလ်လုပ်ရင်းအမျှဝေပေါ့နော်။ သူ့အတွက်အစ်မလုပ်ပေးနိုင်တာလုပ်ပေးပေါ့။
ကျွန်တော်လဲဆုတောင်းပေးနေမှာပါဗျာ

Anonymous said...

သတင်းကြားလို့လာခဲ့တာပါဗျာ ... လောကကြီးမှာအချိန်ပြည့်သွားလို့ ခဏလေးပြန်သွားတာပါ ... အတူတူပျော်ခဲ့ဖူးတဲ့အမှတ်တရတွေနဲ့ စိတ်ကိုကျေနပ်စေချင်ပါတယ် ... မိသားစုနဲ့ထပ်တူ ကျွန်တော်လဲဆုတောင်းပေးနေပါတယ်ဗျာ ...

JulyDream said...

လောကကြီးမှာ ဒီလိုနဲ့ပဲ ကြွေလွင့်ခဲ့ရတဲ့ အဖိုးတန် ပန်းဖူးပန်းညွှန့်လေးတွေ ဘယ်လောက်များ များနေပြီလဲ။ ဘာပဲဖြစ်ဖြစ် နေရတဲ့ဘ၀လေးထဲမှာ ပျော်ရွှင်စေချင်မိတယ်။ လူဖြစ်ရကျိုး နပ်စေချင်တယ်။

ညီမလေး... ကောင်းရာမွန်ရာ ဘုံဘ၀မှာ အေးငြိမ်းသာယာ နေနိုင်ပါစေလို့ ဆုတောင်းရင်း...

ကိုဇူလိုင်

Anonymous said...

ဘယ်လောက်ခံစားကြရမလဲဆိုတာ
အလိုလို သိမိပါတယ်

သင်ကာ

ညီနေမင်း said...

ညီမလေးရေ .... ကိုလဲစိတ်မကောင်းပါဘူး ညီမရေ. ဖြစ်ချင်တာအားလုံးမဖြစ်ပဲ ဖြစ်သင့်တာတွေကိုပဲ လောကကြီးက Plan ချထားတယ်လို့ပဲ သဘောထားလိုက်ပါညီမရေ .. ကိုလဲ အဲ့လိုခံစားခဲ့ရဘူးပါတယ်။ လူတိုင်း ဒီခံစားမှုတိုင်းကို အနှေးနဲ့အမြန်ခံစားကြရတာပဲလေ.. အဲတစ်ခုတော့ရှိတာပေါ့ . ကိုက သူတို့ထက်အရင် သေသွားမယ်ဆိုရင်တော့ ဒီခံစားမှုတွေကို မခံစားရတော့ဘူးပေါ့.

စေတနာများစွာဖြင့်
ညီနေမင်း

Pai said...

တကယ်ပါ ၀မ်းနဲမိပါတယ် အမထက်မသာရင်တောင် မလျော့ပါဘူး

ကျော်စွာလင်း said...

အခုတခါလာရောက်ပီး စာတွေဖတ်ပီး စိတ်မကောင်းဖြစ်မိတယ် လွန်ခဲ့တဲ့ ၈ တန်းကျောင်းသားဘဝတုန်းက ကိုယ့် ညီမအငယ်ဆုံးလေး အချစ်ဆုံးလေး သူ့နာမည်တောင် ကိုကပေးထားတာ ကေသီမြင့်မြင့်ထွေးတဲ့ ၅ နှစ်သမီးအရွယ် ရွာမှာ နေမကောင်းဖြစ်ပီး ငွေမရှိလို့ မြို့ဆေးရုံ မတင်ပေးနိုင်လို့ မျက်စိရှေ့မှာတင် ပါါးစပ်က အမြှုတ်တွေထွက်ပီး သေသွားရှာတယ် သေတော့ ကိုယ်ကိုတိုင် အခေါင်းမှာ စာလုံးအလှလေးတွေနဲ့ ကိုယ်ပေးတဲ့နာမည်ကို ကိုယ်တိုင်ရေးပေးခဲ့ရတယ် သေပီးနောက်ပိုင်းမှာ ကိုနဲ့အတူတူအိပ်နေကြ ညီမလေးအတွက် မိသားစုတွေမသိဘဲနဲ့ အမြဲအိပ်ရာခင်းပေးခဲ့တယ် ဒီနေ့ နိုင်ငံရောက်တဲ့အထိ အနှစ် ၂၀ ကျော်သွားပေမဲ့ တွေးမိတိုင်းခဏခဏ ငိုနေမိတုန်းပါပဲ ... ငယ်ဆူးအိမ်ကို အပြည့်ဝ နာလည်ခံစားပေးပါတယ်..