Happy Birthday for Amay
Thursday, November 29, 2007Posted by ငယ်ဆူးအိမ် at 2:54 PM 0 comments
Labels: special day
အမေရေ
ဗကသများအဖွဲ့ချုပ်
အမေ့ရဲ့ငြိမ်းချမ်းရေးယုံကြည်ချက်ကို
သားတို့လက်ဆင့်ကမ်းသယ်ဆောင်ရင်း
အမေ့ရဲ့အိမ်မက်တွေကို သားတို့တွေလည်း
ဆက်မက်နေကြတယ်။
အမေတို့ခေတ်ရဲ့ ရင်ခုန်သံတွေဟာ
အခုသားတို့ရဲ့ အသက်ရှုသံတွေပါတယ်။
အမေတို့တည်ဆောက်ခဲ့တဲ့ နိုင်ငံချစ်စိတ်တွေ
သမဂ္ဂအစဉ်အလာတွေ
အမှန်တရားထံ သက်ဝင်ယုံကြည်မှုတွေကို
အမွေဆက်ခံပြီး
တော်လှန်ရေးခရီးကို သားတို့ဆက်လှမ်းနေကြတယ်။
အမေတို့တွေ့ချင်မြင်ချင်တဲ့ကမ္ဘ္ဘာဟာ
သားတို့ တွေ့ချင်မြင်ချင်တဲ့ကမ္ဘာပါပဲ။
အမေတို့ မမောမပန်း
လျှောက်လှမ်းခဲ့တဲ့
တော်လှန်ရေးဆိုတဲ့ခရီးလမ်းဟာ
သားတို့လည်း မမောမပန်းပဲ
ဆက်လက်လျှောက်လှမ်းချင်ပါတယ်။
ဆက်လက်လျှောက်လှမ်းသွားမယ်လို့လည်း
ကတိပြုပါတယ်။
သားတို့ အသက်နဲ့အမျှ ဂါရ၀ထားရတဲ့
အမေရေ
အမှန်တရားက အောင်ပွဲခံတဲ့နေ့မှာ
အမေ့ကို ရှိနေစေချင်ပါတယ်။
ကျနော်တို့လည်း ရှိနေချင်ပါတယ်။
အရာအားလုံးလည်း ရှိနေစေချင်ပါတယ်။
အမေအပါအ၀င်
ပြည်သူလူထုပို့သတဲ့မေတ္တ္တာနဲ့
ကျနော်တို့ လွတ်မြောက်ရှင်သန်နေဆဲပါ။
ကျနော်တို့နဲ့အတူ
တော်လှန်ရေးစိတ်ဓာတ်လည်း
လွတ်မြောက်ရှန်သန်နေဆဲပါ။
ကျနော်တို့အတွက်
ကျနော်တို့နိုင်ငံအတွက်
လူသားအားလုံးအတွက်
အမေ ကျန်းကျန်းမာမာနဲ့
ဆက်လက်မေတ္တ္တာပို့
စောင့်ရှောက်နိုင်ပါစေ။ ။
Posted by ငယ်ဆူးအိမ် at 2:47 PM 0 comments
Labels: မျှဝေချင်တဲ့ စာကလေးတွေ
နူးညံ့စွာရူးသွပ်ခြင်း
Wednesday, November 28, 2007ငယ်ဆူးအိမ်
“သိပ်ချစ်ရပါတယ်” တဲ့
အပ်ကြောင်းထပ်တဲ့ စကားလုံးတွေက
ကိုယ့်ကို အကြွင်းမဲ့ယုံကြည်စေခဲ့ပြီ
ဒါဟာ .... ယုံတမ်းစကားတွေများလား......။
“သစ္စာရှိမယ့်သူပါ”တဲ့
ကိုယ့်ရင်ကိုဖမ်းစား ပြုစားခံထားရသလို
ကိုယ်ရုန်းမထွက်နိုင်တော့ဘူး
ဒါဟာ .... မုသားစကားတွေများလား ......။
“အရမ်းလွမ်းတယ်”တဲ့
အချစ်ဆိပ်ပြင်းတဲ့ မြှားတစ်စင်းမို့လည်း
မရင့်ကျက်သေးတဲ့ ကိုယ့်နှလုံးသား
မင်းရဲ့ရှေ့မှာ ကျဆုံးခဲ့ပြီ
ဒါဟာ ..... အချစ်တဲ့လား ......။
တကယ်ဆိုရင်တော့
အချစ်ဆိုတာ သိပ်ကိုနူးညံ့သိမ်မွေ့ပါတယ်။
ပေးဆပ်မှုတစ်ခုနဲ့အညီ
ရယူပိုင်ဆိုင်မှုတစ်ခုဆိုတာလည်းရှိတော့
မျှော်လင့်နေခဲ့မိတာပေါ့ ချစ်သူ......။
ဒါပေမယ့်လည်း
နူးညံ့မှုတစ်ခုထက်
ရူးသွပ်မှုတစ်ခုကိုသာ အစပျိုးပေးတဲ့
မင်းရဲ့အချစ်နဲ့
မသေချာမရေရာတဲ့ စကားတွေကိုလည်း
ကိုယ် ခုံမင်နေမိဆဲပါပဲ.....။
Posted by ငယ်ဆူးအိမ် at 10:58 PM 0 comments
Labels: ကဗျာ
စဉ်းစားပေးကြပါဦး....
ငယ်ဆူးအိမ်
အခုတလော မဟုတ်ပါဘူး ...... တော်တော်လေးတော့ ကြာနေပါပြီ ... “သူ” ငယ့်ရဲ့အာရုံတွေကို စိုးမိုးနေခဲ့တာလေ။ ငယ် ဘယ်လိုမှ မေ့လို့မရအောင်တော့ မဟုတ်ပေမယ့် အချိန်တိုင်းလိုလို တိုက်ဆိုင်မှု တိုင်းမှာ သူ့ကို သတိရနေမိတယ်။ ဒါဟာ ဆက်ကျော်သက်မို့ ခဏတဖြုတ် စိတ်ကစားသွားခြင်းလား။ သူ့ကို စိတ်ဝင်စားနေမိခြင်းလား ဒါမှမဟုတ် ချစ်မိသွားတာလား။ ငယ့်ရဲ့ခေါင်းထဲမှာ တစ်ခါမှမ၀င်ဖူးတဲ့မေးခွန်းတွေ၊ အတွေးတွေ အခုတော့ တစ်ခုပြီးတစ်ခု အမြဲတမ်းဝင်ရောက်နေတယ်။ အာရုံကို လာလာပြီး နောက်ရှုက်နေ တယ်။ ငယ့်ကိုယ်ငယ်လည်း ပြန်ပြန်မေးနေမိတယ်။ ဒါပေမယ့် အခုအချိန်ထိ အဖြေလို့ ထင်ရတဲ့၊ ကျေနပ်စရာ ကောင်းတဲ့အဖြေ ငယ် မသိသေးဘူး။ မေးခွန်းလေးက အရမ်းခက်တယ်လို့ မထင်ရပေမယ့် ငယ့်ကိုတော့ တကယ်ပဲ အခက်ကြုံစေတယ်။ ငယ့်ကို ကူစဉ်းစားပေးကြပါဦး.....။
ငယ် အဖြေရှာကြည့်တယ်။ ငယ် သူ့အကြောင်းတွေကို မတွေးချင်ပေမယ့် အတွေးတွေထဲကို အမြဲ တမ်းရောက်ရောက်နေတော့ စဉ်းစားမိတယ်။ စဉ်းစားလိုက်မိတိုင်းလည်း လွယ်လွယ်နဲ့ အတွေးတွေကို ဖြတ်လို့မရဘူး။ ဒါကို လူတစ်ချို့က ရောဂါရင့်နေပြီလို့ သရော်မလားမသိဘူးနော်။ ပြောရင်လည်း ခံရမှာပါ ပဲ..... ကိုယ်ကိုယ်တိုင်က ဘာမှကို နားမလည်နိုင်သေးတာလေ။ ငယ်က လှပါတယ်ဆိုတဲ့ အမျိုးအစားထဲမှာ မပါပေမယ့်၊ ဘ၀င်လည်း မမြှင့်တတ်ပေမယ့် ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ (အထူးသဖြင့် မျက်နှာများ တယ်ထင်ရတဲ့ ရုပ်ဖြောင့်ဖြောင့် ကောင်လေးတွေကို) အတွေးတွေထဲမှာ ကြာကြာမထားတတ်တာ ငယ့်ရဲ့ အကျင့်ပါ။ အခုတော့ တစ်ယောက်ယောက်ကို ချစ်မိသွားတဲ့ ငယ့်ရဲ့စိတ်က ငယ့်ကို အနိုင်ကျင့်နေတယ်။
ငယ် ဘာကြောင့် သူ့ကို အရမ်းချစ်မိသွားတာလဲ။ အရမ်းချစ်မိသွားတယ်ဆိုတဲ့စကား သုံးရတာက တခြားတော့ မဟုတ်ပါဘူး။ ငယ်က သူ့ရဲ့အဝေးမှာရှိနေသည်ဖြစ်စေ၊ အနီးမှာရှိနေသည်ဖြစ်စေ အမြဲတမ်းပဲ သူ့အတွက် စဉ်းစားပေးတတ်လွန်းလို့ပါ။ သူ ငယ့်ကို မချစ်ဘူးလို့မဆိုလိုချင်ပေမယ့် သူ့ရဲ့လွတ်လပ်ခွင့်တွေ ကို ငယ် ဘယ်တုန်းကမှ ၀င်စွက်ဖက်ပိုင်ခွင့်မရှိခဲ့သလို ဘယ်တုန်းကမှလည်း သ၀န်တိုပိုင်ခွင့်မရှိခဲ့ပါဘူး။ အဆိုးဆုံးပြောရမယ်ဆိုရင် ငယ်ဟာ သူ့ထက်ငယ်ပေမယ့် သူ့ရဲ့အရှေ့မှာတော့ တကယ်ရင့်ကျက်နေတဲ့ သူတစ်ယောက်လိုပါပဲ။ အပင်ပန်းဆုံး အလုပ်တွေထဲမှာ ဟန်ဆောင်ခြင်းဆိုတာလည်း တစ်ခုအပါအ၀င် ဖြစ်မှာပါ။ ဒါပေမယ့် သူအမြဲတမ်း ပြုံးနိုင်ဖို့အတွက် ငယ်ဟန်ဆောင်နေရတယ်။ ဒါကို သူကတော့ သိမှာ တောင် မဟုတ်ပါဘူး။ တစ်ယောက်ယောက်ကို ချစ်မိသွားခြင်းက အရှုံးပေးခြင်းများလား။
နှလုံးသားတစ်စုံနဲ့ မျက်ရည်တွေကိုစတေးပြီး သူပျော်နိုင်ဖို့အတွက် ငယ်အမြဲတမ်း ကြိုးစားနေခဲ့ မိပေမယ့် ဘယ်တုန်းကမှ သူကျေနပ်မှုမရှိခဲ့သလို ငယ့်ရဲ့အချစ်တွေနဲ့ ထပ်တူကျတဲ့အချစ် သူပြန်ပေးဆပ်ဖို့ ငယ့်အတွက် စဉ်းစားမနေခြင်းပါပဲ။ ချစ်တယ်ဆိုတဲ့စကားကို သူလွယ်လွယ်ကူကူသုံးတတ်ပေမယ့် “မချစ်ပါ ဘူး” ဆိုတဲ့စကားလုံးကိုကျတော့ သူကောင်မလေးတွေကိုပြောရမှာ အရမ်းဝန်လေးနေတတ်တယ်။ အစွဲ အလမ်းကြီးပြီး ရူးရူးမိုက်မိုက် မချစ်ခဲ့ဖူးတဲ့ ငယ့်အတွက်တော့ အရမ်းခံစားရပါတယ်။ ဒီအတိုင်းဆိုရင်တော့ သူနဲ့ငယ်ဟာ တကယ်တော့ ဆန့်ကျင်ဘက် ဦးတည်ရာကိုသွားနေတဲ့ မြှားနှစ်စင်းလိုပါပဲ။ ဒါကို ငယ်မသိခဲ့ပါဘူး.........။
ငယ် ဘယ်သူ့ကိုမှ မမုန်းချင်ပါဘူး။ ဘယ်သူ့ကိုမှလည်း မမုန်းခဲ့ဖူးပါဘူး။ ငယ့်ရဲ့စိတ်တွေ ညစ်ထေး သွားမှာစိုးလို့၊ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးစိတ်ဒုက္ခပေးမိနေသလို ဖြစ်နေမှာစိုးလို့လေ။ ဒါပေမယ့် အခုတော့ ငယ် သူ့ကို အရမ်းမုန်းပစ်လိုက်ချင်တယ်။ ဒါမှမဟုတ် သူ့ဆီက “ငယ့်ကို မချစ်ပါဘူး”ဆိုတဲ့စကား မျက်နှာချင်းဆိုင် ကြားချင်တယ်။ တစ်ပြိုင်တည်းမှာပဲ သူ့ရဲ့အချစ်တွေကို ငယ်ပိုင်ဆိုင်ချင်တယ်။ သူ့ရဲ့အချစ်တွေကို ငယ် မျှော်လင့်နေမိတုန်းပါပဲ။
ငယ် ဘာကြောင့် သူ့ကို ချစ်မိသွားတာလဲ။ သေချာတာတစ်ခုကတော့ သူ ငယ့်ကို အရမ်းချစ်လို့ မဟုတ်တာပါပဲ။ ငယ့်ရဲ့ပျော်ရွှင်မှုတွေထက် သူ့ရဲ့စိတ်သာယာမှုကို ဦးစားပေးတတ်လွန်းတဲ့ သူပါ။ အချစ်တွေ ပေါလွန်းတဲ့သူမို့လည်း အချစ်ရဲ့အဓိပ္ပါယ်နဲ့ အချစ်ရဲ့လေးနက်ခြင်းကို မသိသေးတဲ့ သူတစ်ယောက်လို့ ပြောရင် လွန်မယ်မထင်ပါဘူး။ သူ့ရဲ့ သွင်ပြင်လက္ခဏာတွေကိုလည်း ငယ် မက်မောသွားခြင်းကြောင့်လား။ ဒါလည်း မဖြစ်နိုင်ပါဘူး။ သူဟာ ငယ်သဘောကျတဲ့ မင်းသားလေးတစ်ယောက်လို စွဲဆောင်မှုမရှိတာတော့ အမှန်ပါပဲ။ သူ့ရဲ့အပြောချိုချိုတွေကြောင့် ငယ်ရုန်းမထွက်နိုင်တာလားဆိုတာကတော့ ဝေးပါသေးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာ ဘယ်တုန်းကမှ ငယ့်ကို စိတ်ဝင်တစားစကားပြောပြီး အချိန်ပေးလေ့ မရှိ တာပါပဲ။ ကဲ.... ကူပြီး စဉ်းစားပေးကြပါဦး.... ငယ်ဘာကြောင့် သူ့ကို ချစ်နေမိတာလဲ။ အချစ်ဆိုတာ ဘာလဲ။
Posted by ငယ်ဆူးအိမ် at 10:54 PM 0 comments
Labels: မယုံရင် ပုံပြင်
တုနှိုင်းမမီ(ဆရာတင်မိုး)
Tuesday, November 27, 2007တချိန်တုန်းက
“သခင်မျိုးဟေ့ - ဒို့ဗမာ” တဲ့
စစ်ကြီးပြီးစ လွတ်လပ်ရေးမရခင်
‘သေရဲတာ အလံနီ‘ တဲ့
၈၈-ခု၊ လူထုတိုက်ပွဲ
အသံစဲသွားပြီး နောက်ပိုင်း
‘ကြောက်ရဲတာ ဒို့ဗမာ‘လို့
လှောင်စရာ ဖြစ်ခဲ့ပြီ။
ကြောက်တတ် မြှောက်တတ်
ဒူးတုပ်ရိုကျိုး၊ ရှိခိုးတတ်တဲ့
ကပ်စားရပ်စား၊ အနပ်အပါးပြုတတ်တဲ့
လူထုကိုဆန့်ကျင်၊ အာဏာရှင်ကိုရှစ်ခိုး
အရိုးအရင်းစားဖို့
သွားရည်တမြားမြား ကျတတ်တဲ့
မမြတ်သောအကျင့်၊ အမြင့်သောအကြံ
မမှန်သောလုပ်ရပ်တွေနဲ့
လုပ်ဇာတ်တွေခင်းတတ်တဲ့
သိမ်ဖျင်းတဲ့ဗမာ
အဲဒီစာရင်းထဲ မင်းပါသလား။
မင်းပါခဲ့ရင်
ဗမာလူမျိုး မဟုတ်
မြန်မာလူမျိုး မဟုတ်
မမာ လူမျိုးယုတ် ဖြစ်ခဲ့ပြီ။
အကျိုးရှိမရှိ မင်းမကြည့်
သခင် ကြိုက်မကြိုက် အလိုလိုက်
အချောင်နှိုက်ချင်တဲ့ မင်းစိတ်ဓါတ်
ယုတ်မာတဲ့ မင်းလုပ်ရပ်
မင့် အထ္တုပွတ္တိဟာ
သေနတ်နဲ့ဓား ဦးစားပေး
အမြတ်နဲ့တရားကို ဦးစားမပေးတဲ့
ခွေးမျိုး ဖြစ်ခဲ့ပြီ။
လူစင်စစ်က ခွေးဖြစ်ရတဲ့
ဘ၀နုံချာ ဒို့ဗမာ
ရာဇ၀င်သမိုင်း ရိုင်းချင်တိုင်းရိုင်း
လူ့တိုင်းပြည်မှာ
တုနှိုင်းမမီ ပါလားကွယ်။
ဒီကဗျာက ဆရာတင်မိုးရဲ့ ကဗျာတွေထဲက တစ်ပုဒ်ပါ။ အားလုံးနဲ့ဝေမျှချင်လို့ ကူးပြီး တင်ပေးလိုက်ပါတယ်။
Posted by ငယ်ဆူးအိမ် at 10:56 PM 0 comments
Labels: မျှဝေချင်တဲ့ စာကလေးတွေ
မျှော်လင့်လျှက်ပါ
ငယ်ဆူးအိမ်
အတွေးတွေနဲ့ရင်မော
စိတ်ကူးတွေနဲ့ရင်ခုန်လို့
အိမ်မက်ထဲမှာ ငါဟာတကယ်ကို ပျော်နေတာပါ......
ဒါဟာရင်ခုန်ရခြင်းလား
ခဏတဖြုတ် အိပ်မက်မက်ခြင်းလား
ဒါမှမဟုတ် အလွမ်းတွေကို အစပျိုးခြင်းပဲလား .......
ဒီရင်ခွင်ကတော့
ခံစားမှုအသစ်တွေကိုကြိုဆိုလို့
မျှော်လင့်ခြင်းတွေနဲ့ တကယ်ကို လှုပ်ရှားနေတာပါ ........
ချစ်တတ်လာတဲ့ စိတ်တစ်ခုကြောင့်
သိပ်ချစ်မိလို့ ခွင့်လွတ်နိုင်တဲ့ စိတ်တစ်ခုကြောင့်
ချစ်သူသာပျော်မယ်ဆိုရင် စွန့်လွှတ်ရဲတဲ့ စိတ်တစ်ခုကြောင့်
မင်းရဲ့ဆုံးဖြတ်ချက်အတိုင်း
မင်းဆီက အချစ်တွေကိုလည်း ကိုယ်ရင်ခုန်စွာ မျှော်လင့်နေမှာပါ။
မင်းပေးမယ့် အမုန်းတွေကိုလည်း ကိုယ်ကျေကျေနပ်နပ် လက်ခံမှာပါ။
Posted by ငယ်ဆူးအိမ် at 10:50 PM 1 comments
Labels: ကဗျာ
အဝေးရပ်က ဆုတောင်းသံ
Saturday, November 24, 2007အဝေးကချစ်သူရယ်
ပျံသန်းနိုင်စွမ်းရှိတဲ့ တောင်ပံတစ်စုံသာရှိခဲ့မယ်ဆိုရင်
မိုင်တွေဘယ်လောက်ပင် ဝေးပါစေ
တောင်တန်းတွေဘယ်လောက်ပင် ကာဆီးထားလည်း
မရပ်မနားမင်းဆီကို
မမောမပန်း ပျံသန်းလာမိမှာပါ ......
လေတိုးသံတွေရဲ့ ဘာသာစကား
မင်းသာ နားလည်နိုင်စွမ်းရှိခဲ့မယ်ဆိုရင်
မင်းရဲ့အဝေးတစ်နေရာ
တောင်တန်းတွေရဲ့ အနောက်ဘက်ခြမ်းမှာ
လွမ်းတေးဆိုနေတဲ့
နှလုံးသားသံစဉ်တစ်ပုဒ်
မင်းကြားသိနိုင်မှာပါ .......
မိုးတွေရွာတိုင်း
မင်းသတိတရ သတိထားခဲ့မိမယ်ဆိုရင်
နာကျင်နေတဲ့ နှလုံးသားငိုရိုက်သံတွေကို
ကျယ်ကျယ်လောင်လောင် မင်းခံစားမိမှာပါ .........
မင်းကိုချစ်တဲ့ ဒီရင်ခွင်ကတော့
မင်းနဲ့ဝေးသွားခဲ့သည့်တိုင်
အချစ်တွေကိုသိမ်းဆည်းလို့ အလွမ်းတွေကို ပွေ့ပိုက်ရင်း
မင်းနဲ့ပြန်ဆုံဖို့ အိမ်မက်ထဲမှာတောင် ဆုတောင်းနေမိတယ်.....
Posted by ငယ်ဆူးအိမ် at 10:17 PM 4 comments
Labels: ကဗျာ
တို့တတွေ ညီညွှတ်ကြစို့
ငယ်ဆူးအိမ်
တရွေ့ရွေ့နဲ့ နေ့လရက်တွေ ကုန်ဆုံးသွား
မညီမျှတဲ့ ဘ၀ရဲ့ဂီတသံစဉ်တွေကြား
အရင်းအနှီးကြီးစွာပေးခဲ့ရ
သွေးနဲ့ရေးတဲ့ သမိုင်းစာမျက်နှာ
သွေးစတွေ မခြောက်သေးဘူး.......
သမိုင်းမှာနေရာလု အတ္တအလံလွင့်ထူ
ဒေါသတွေ မီးလောင်လို့
ခံစားချက်အဖုံဖုံ
ရင်ခုန်သံ တဒိန်းဒိန်းနဲ့
မာန်မာနတွေ အဆိပ်မိနေပြီ......
ကိုယ့်လမ်းကိုယ်လျှောက်နေသူတွေမို့
တစ်ယောက်ကိုတစ်ယောက်
ပုခုံးတိုက်ဖို့ မလိုအပ်သလို
ကားကြပ်တဲ့အခါ
တစ်ယောက်ကိုတစ်ယောက်
နင်းမိတာတော့ ငြူစူနေဖို့ မသင့်တော်ပါဘူး..........
ကြီးမားတဲ့စိတ်ဓါတ်
မြင့်မြတ်တဲ့နှလုံးသား
ဖြူစင်တဲ့ခွန်အားနဲ့
တရားဓမ္မအခြေခိုင်ခိုင်
အားသစ်နဲ့ပြုံးနိုင်ဖို့
တို့တတွေ ညီညွှတ်ကြစို့..........။
Posted by ငယ်ဆူးအိမ် at 9:58 PM 0 comments
Labels: ကဗျာ
လွမ်းနေရဦးမယ်
Monday, November 19, 2007
အဝေးကချစ်သူရယ်
လွမ်းဖို့ချစ်တာမဟုတ်ပေမယ့်
ချစ်တော့လည်း လွမ်းရတာပါပဲ......
တောင်တန်းကိုကျော် ပင်လယ်ကိုဖြတ်လို့
ဖုံးကွယ်ထားတဲ့ ဝေးကွာခြင်းရဲ့
အမှောင်ထုကို ထွင်းဖောက်ကာရယ်
အပြေးကလေး လာခဲ့ချင်တယ် .........
သို့ပေမယ့်လည်း
အခြေအနေတွေရယ် မပေးသေးတာမို့
အဝေးကနေ လွမ်းနေရဦးမယ် .........
အလွမ်းတွေဟာ ငါ့ကိုလောင်မြိုက်
မျက်ရည်တွေက ငါ့ကိုလှောင်ရယ်
အခန်းကျဉ်းလေးထဲက
ခေါင်းအုံးသာ ငါ့ရဲ့အဖော်ပေါ့ .......
ခေါင်းအုံးလေးကတော့ ငါ့ကိုရယ်နေတယ်
“မင်းကိုသတိရမိတိုင်း မျက်ရည်တွေ မျက်ဝန်းမှာ ကြွေနေလို့”တဲ့၊
Posted by ငယ်ဆူးအိမ် at 5:16 PM 0 comments
Labels: ကဗျာ
အဖြူရောင်နယ်မြေ
ငယ်ဆူးအိမ်
သူငယ်ချင်း
အဖြူရောင်နယ်မြေ ဒီနှလုံးသားထဲ
စွန်းထင်ကျန်ရစ် လောင်ကျွမ်းစေမယ့်
အချစ်မီးတွေ ယူမလာပါနဲ့........
ချိုပြီးခါးလား ခါးပြီးချိုလား
အချစ်ဆိုတဲ့အဓိပ္ပါယ်
ဝေခွဲမတတ်သော်လည်း
ဒီနေ့ရက်သစ်တွေကြား
ခုချိန်မှာတော့ နှလုံးသားက
ဘယ်သူကိုမှ လက်မခံချင်ဘူးတဲ့......
ဖြူစင်အေးမြခိုင်မာနေမယ့်
သူငယ်ချင်းဆိုတဲ့
သံယောဇဉ်ကြိုး ခိုင်ခိုင်သာချည်လို့
အားပေးနှိမ့်သိမ့် ကူညီဖေးမရင်း
မင်းအတွက် တို့ဟာ
လရောင်လိုအလင်း ပေးစွမ်းနိုင်ခြင်းမရှိရင်တောင်
ကြယ်ပွင့်ကလေးတွေလို လင်းလက်နေမှာပါ
ထာဝရပေါ့ သူငယ်ချင်းရယ် ........
Posted by ငယ်ဆူးအိမ် at 5:04 PM 1 comments
Labels: ကဗျာ
ရွေးချယ်ခွင့်
Sunday, November 18, 2007ငယ်ဆူးအိမ်
ကိုယ့်ရဲ့အချစ်နွယ်ပင်ကိုရေလောင်း
အဆုံးအစမဲ့ နားလည်မှုတွေနှင့်
မင်းတစ်ယောက်ထဲကိုသာ ချစ်ခဲ့ပါတယ်လို့ 
မျက်ရည်တွေကြားမှာ ကိုယ်မပြောချင်ခဲ့ပေမယ့်
တကယ်တော့ ကိုယ်ငိုနေတယ် ......။
ကိုယ့်ရဲ့အရှက်နဲ့သိက္ခာကို ခ၀ါချ
နှလုံးသားတစ်စုံကို ပူဇော်ပြီး
မင်းတစ်ယောက်ထဲကိုသာ ချစ်သွားချင်ပါတယ်လို့
ခခယယမင်းအရှေ့မှာ ကိုယ်မတောင်းဆိုချင်ခဲ့ပေမယ့်
တကယ်တော့ ကိုယ်ဒူးထောက်နေမိတယ် .....။
မပြီးဆုံးနိုင်သေးတဲ့ မင်းရဲ့အချစ်ဇာတ်လမ်းတွေအကြား
ကိုယ်ဟာ ပွဲကြည့်ပရိတ်သတ်တစ်ယောက်မဟုတ်ပေမယ့်
ပေးဆပ်မှုတွေများစွာနဲ့ ကိုယ်မင်းကိုချစ်နေဆဲ
အလိုက်သိနားလည်မှုတွေနဲ့ ကိုယ်မင်းကိုခွင့်လွှတ်ဆဲ
ပြန်လာခဲ့ပါတော့လို့ ကိုယ်မခေါ်ချင်ပေမယ့်
တကယ်တော့ ကိုယ်စောင့်နေတယ် .....။
အပေါစားအချစ်တွေနဲ့ တဒင်္ဂသာယာမှု
လုံခြုံနွေးထွေးတဲ့ ကိုယ့်ရဲ့အချစ်စစ်ရှိရာဘဝ
တစ်ခုခုကိုတော့ မင်းရွေးချယ်သင့်တာပေါ့ ......။
တစ်ခုခုကိုတော့ မင်းစွန့်လွှတ်သင့်တာပေါ့ .....။
Posted by ငယ်ဆူးအိမ် at 3:12 PM 1 comments
Labels: ကဗျာ
အချစ်အကြောင်း
Friday, November 16, 2007ငယ်ဆူးအိမ်
ဦးဦးဖျားဖျား သဲက အချစ်အကြောင်း tag လိုက်တယ်ဆိုတော့ ဒီမှာ ငယ်တစ်ယောက် အတွေး များရတော့တာပါပဲ။ တကယ့်တကယ် အချစ်အကြောင်းရေးပါဆိုတော့ ဘယ်ကနေ ဘယ်လိုစရေးရမှန်း တောင် မသိပါဘူး ...... တစ်ခါတလေတော့ စိတ်ကူးပေါက်ရာ ... ဟိ॥ ဟိ... ထင်ရာမြင်ရာလေးတွေ ရေးမိပါတယ်။ အဲဒါကို ခေါ်စရာခေါင်းစဉ်မရှိလို့သာ ကဗျာလို့ အလွယ်တကူခေါ်လိုက်တာပါ....။ ကဗျာဆရာ၊ ဆရာမတွေ စိတ်ခုသွားမှာလည်း ငယ်က အစိုးရိမ်သား။
လူဆိုတဲ့အမျိုးကလည်း ရတာမလို၊ လိုတာမရဆိုတော့ အချစ်ကို အဓိပ္ပါယ်ဖွင့်ရမှာတောင် ခပ်ခက်ခက်။ ကိုယ့်ချစ်တယ်လို့ ထင်ရသူနဲ့ ပျော်နေတဲ့အချိန်ဆိုရင် အချစ်က အေးမြလိုက်တာ.... ဘ၀မှာ အရာရာ ပြည့်စုံသွားသလိုလို ... အချစ်ရှိရင် ကိုယ်သေပျော်ပါပြီဆိုပြီး မိုးမမြင်လေမမြင်ကြီးဖြစ်လို့။ အချစ်နဲ့ ပဋိပက္ခဖြစ်လို့ အဆင်မပြေတဲ့အခါကျတော့ ခံစားရတဲ့သူတွေများ နေဆယ်ဆင်းပူတဲ့အပူတောင် ကိုယ့် ရင်ဘတ်ထဲက အချစ်ပူကိုမမီ.... ခံစားတတ်လိုက်ကြတာ။
နောက် တစ်မျိုးရှိသေးတယ်။ သိပ်ချစ်တတ်တဲ့သူတွေလို့ပဲ ပြောရမလား........ ခေါင်းမာတဲ့လူတွေ လို့ပဲ ချစ်စနိုးလေးခေါ်ရမလား မသိပါဘူး။ မချစ်ပါနဲ့၊ မပတ်သက်ပါနဲ့၊ ကျနော်/ကျမမှာ ချစ်သူရည်းစားရှိပါ တယ်ဆိုရင်တောင် ဟင့်အင်း..... မရဘူး..... ဇွတ်ပဲ....ကိုယ့်ကို ပြန်မချစ်ချင်နေ... ဒါပေမယ့် ကိုယ့်ကိုတော့ ချစ်ခွင့်ပေးပါ.... ကိုယ့်အနားမှာ မင်းအရိပ်ရှိနေရင်တောင် ကိုယ်ကျေနပ်ပါတယ်ဆိုတဲ့ လူကလည်း ရှိတတ်ပါသေးတယ်။
တော်ပြီ... တော်ပြီ... တစ်ယောက်တစ်မျိုးရဲ့ အချစ်တွေကိုသာ ခွဲခြားစိတ်ဖြာရမယ်ဆိုရင် ရှုပ်ကုန် မလားမသိဘူးနော်။ တကယ့်တကယ် စိုးရိမ်မိတာက ကိုယ့်ကိုယ်ကိုယ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ငယ်က အချစ်ဆိုတာ ဘာမှန်းညာမှန်း သေသေချာချာမသိသေးတဲ့ ပေါတောတောကောင်မလေးလေ။ တော်ကြာ အချစ်ကိုကြောက်သွားပြီး မေမေနဲ့ဖေဖေက ငယ့်ကြောင့်ဝမ်းနည်းနေရဦးမယ်....... မိဘ၀တ်တရားမကျေလို့ ဆိုပြီး..... ဟီး ဟီး...
သဲပြောသလို ထင်တာပြောဆိုရင်တော့ ငယ်ထင်တာက ငိုတာလည်း အချစ်၊ ရယ်တာလည်း အချစ်၊ ပြုံးတာလည်း အချစ်.... ဇာတ်ကားတစ်ကားမှာ ကြည့်ရသလို အချစ် ညီမျှခြင်း ချိုချဉ်ဖန်ငန်စပ်ခါး ဖြစ်မယ်ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ ငယ်ယုံကြည်တာတော့ တစ်ယောက်နဲ့တစ်ယောက် ထပ်တူကျစွာ ချစ်နေကြမယ်၊ ပေးဆပ်နေကြမယ်ဆိုရင် သာယာတဲ့အချစ်တစ်ခု၊ ပျော်ရွှင်စရာကောင်းမယ့် အနာဂါတ်တစ်ခု ကို ဖန်တီးနိုင်ကြလိမ့်မယ်ဆိုတာပါပဲ......။
သဲရေ........ ဒီလောက်ဆို ကျေနပ်တော့နော်..... ငယ်လည်း ထင်ရာမြင်ရာတွေ ပြောပြီးပြီဆိုတော့ သူများပြောတာလည်း ကြားချင်သေးတယ် ........ ဖြစ်နိုင်မယ်ဆိုရင် ငယ့်ရဲ့ အသစ်စက်စက်ဘလော့လေးကို လာလည်ကြတဲ့ ကိုကိုမမတွေ အားလုံးကို အချစ်အကြောင်း ပြောပြပေးစေချင်ပါတယ်....tag လုပ်ချင်ပါတယ်.......။
Posted by ငယ်ဆူးအိမ် at 9:32 PM 1 comments
Labels: Tag ကြတာလေးတွေ
ကစားနည်းတစ်ခုများလား
ငယ်ဆူးအိမ်
အချစ်အတွက် ငါဟာ မရူးသွပ်ချင်ပါဘူး
ဒါပေမယ့် မင်းကိုချစ်တဲ့ စိတ်ကြောင့်ပဲ
ငါဟာ ငါ့ကိုယ်ငါမသိလိုက်ခင်
ရူးသွပ်သွားခဲ့တယ် ........
အချစ်အတွက် ငါဟာ မျက်ရည်မကျချင်ပါဘူး
ဒါပေမယ့် မင်းကိုပျော်စေချင်တဲ့ စိတ်ကြောင့်ပဲ
ငါဟာ မျက်ရည်များစွာကို
အကြိမ်ပေါင်းများစွာ ပေးလှူခဲ့တယ်.......
အချစ်ကြောင့်ပါပဲ
ငါဟာ အနိုင်ရယူချင်ပေမယ့်
မင်းအတွက်နဲ့ အရာရာကို
ကျေကျေနပ်နပ် ရှုံးနှိမ့်ခဲ့တယ်.......
အချစ်ဆိုတာ တကယ်တော့
အပြုံးနဲ့အငိုကြား
စွန့်စားရတဲ့ ကစားနည်းတစ်ခုများလား......
Posted by ငယ်ဆူးအိမ် at 9:24 PM 0 comments
Labels: ကဗျာ
Where's the peace?
Thursday, November 15, 2007ငယ်ဆူးအိမ်
Where's the Peace?
Peaceful lives of us are gone away and far from us
Living in fear under the unsafe situation
Hunger of love crying for freedom
No human rights, no way to escape
Where's the human dignity?
Extra-judicial killing is happened around us in every second
Constitution is gone away and far from us
Living in tear under the jungle boots of extremis militant
No law, no way to escape
Where's the rule of law?
Anywhere, anyone starvation of peace and love
Silent with full of fear under the power
Request for empathy with no sparkling eye
No freedom, no way to escape
Where's the justice?
Where's the democracy?
Come and see into our heart
Suffer and tired because of war
Dream for wonderful future
That full of clean and fresh air Instead of Smokey in the sky
Lets it be in our every single movement
Equality and equal opportunities among us
Hang our hand together to bring peace
Let's start to build and change our world
For our future and our new generation
Peace is essential for us and for the world
Stop the war…!
We all love peace
We need peace
Where's the peace?
Posted by ငယ်ဆူးအိမ် at 11:57 PM 0 comments
Labels: ကဗျာ
ရင်ခွင်တစ်စုံရဲ့ အလွမ်းရိပ်
ငယ်ဆူးအိမ်
ရင်ခွင်တစ်စုံရဲ့ အလွမ်းရိပ်
မျက်လုံးတစ်မှိတ် လေအဝှေ့မှာ
သစ်ရွက်တွေ မြေပေါ်ကြွေသလို
ဘ၀တွေလည်း ပြောင်းခဲ့ပြီ…….
အခုလိုအချိန်မှာပေါ့
မိသားစုတွေရဲ့အဝေး
တစ်ယောက်ထဲ သိမ်ငယ်အားငယ်နေချိန်
အလွမ်းမိဆုံးကတော့
မိသားစုနဲ့ အိမ်ကလေးပါပဲ……
ငယ်ငယ်တုန်းကပေါ့
နေ့တစ်နေ့ရဲ့အစ ရောင်ခြည်အစပျိုးချိန်
မနက်မနက် အိပ်ရာခေါ်နိုးတတ်တဲ့ မေမေ…..
မေမေ့ရင်ခွင်ထဲတိုးဝှေ့လို့ ချွှဲနွှဲ့ခဲ့ဖူးတယ်။
အခုလိုအချိန်မှာပေါ့
ကိစ္စအ၀၀ ပဲ့ပြင်ဆုံးမ
တည်ငြိမ်စွာ ပြောဆိုနှိမ့်သိမ့်ပေးတတ်တဲ့
မေမေ့ရဲ့ စကားချိုချိုတွေကို လွမ်းတယ်……..
ငယ်ငယ်တုန်းကပေါ့
အားမာန်တွေအပြည့် ယုံကြည်ချက်တွေနဲ့
ကျမရဲ့ရှေ့ဆောင်လမ်းပြ သူရဲကောင်း ဖေဖေ……
ဖေဖေ့ကျောပြင်ပေါ်ခုန်ပေါက်လို့ ကစားခဲ့ဖူးတယ်။
အခုလိုအချိန်မှာပေါ့
ဒါဏ်ရာတွေနဲ့ နာကျင်ကျဆုံးချိန်
နွေးထွေးစွာ ပွေ့ဖက်ထားတတ်တဲ့
ဖေဖေ့ရဲ့ ရင်ခွင်ကျယ်တစ်စုံကို လွမ်းတယ်…….
သူစိမ်းတွေကြား အထီးကျန်ဝမ်းနည်းချိန်
အဖော်ပြုပေးတတ်တဲ့၊ ဖြူစင်စွာအေးပေးတတ်တဲ့
ညီမလေးတွေရဲ့ မာယာမဲ့အပြုံးလှလှကိုလည်း လွမ်းတယ်……..
အဝေးကိုငေးငေးကြည့်တတ်တဲ့
အရောင်မှိန်မှိန်မျက်လုံတစ်စုံ အငိုတိတ်အောင်
အိမ်မက်တွေကို ရေလောင်းပေးတဲ့
ဥယာဉ်မှူးတစ်ယောက်ရဲ့ ဂရုစိုက်ပေးမမှုကိုလည်း လွမ်းတယ်……
အားလုံး အားလုံးကိုပါပဲ
အခုလိုအချိန်မှာပေါ့
အဝေးရောက် ဒီရင်ခွင်က အရမ်းလွမ်းနေတယ်……..
Posted by ငယ်ဆူးအိမ် at 9:49 PM 0 comments
Labels: ကဗျာ